ကျည်ဆန်တွေ ဗုံးတွေကြားက ခရစ္စမတ်
***************************
နန်းဆုပန်ခန့်
ဒီဇင်ဘာ ၂၅၊ ၂၀၂၃။
ခရစ္စမတ်လို့ပြောလိုက်ရင် နှစ် ၁ နှစ်ရဲ့အဆုံး၊ နှစ် ၁ နှစ်ရဲ့ အအေးဆုံးကာလဖြစ်တဲ့ ဒီဇင်ဘာလလို့ ပြေးမြင်ကြပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြုံခဲ့ရတဲ့ခရစ္စမတ်ကာလတွေကတော့ အရင်နှစ်တွေလောက်စည်ကားသိုက်မြိုက်မှုမရှိတော့သလို စစ်ရှောင်တွေရဲ့ ဒီဇင်ဘာလကလည်း သာမန်လိုမအေးတော့ဘဲ ပူဆွေးသောကတွေကသာ ဝန်းရံနေပါတော့တယ်။
စစ်ရှောင်နေကြရတဲ့ မြန်မာပြည်သူတွေထဲမှာ တချို့ကစစ်ရှောင်စခန်းတွေထဲ နေထိုင်နေကြသူတွေရှိသလို အကြောင်းအမျိုးမျိုးကြောင့် ထိုင်း – မြန်မာနယ်စပ်ဖြစ်တဲ့ မဲဆောက်မြို့ကို ထွက်ပြေးခိုလှုံသူတွေလည်း ရှိနေကြပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှာ မြန်မာစစ်တပ်အာဏာသိမ်းခဲ့ပြီး လက်ရှိအချိန်ထိလည်း မြန်မာအကြမ်းဖက် စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ပြည်တွင်းစစ်ပဋိပက္ခတွေဖြစ်ပွားနေဆဲပါ။ ဒါပေမယ့်လည်း ခရစ္စမတ်ရောက်လာရင်တော့ စစ်ရှောင်နေရတဲ့ ခရစ်ယာန်ဘာသာဝင်တွေကလည်း ယေရှုခရစ်တော်ဖွားမြင်တဲ့ ရက်စွဲကို ပြန်လည်သတိရတမ်းတတဲ့အနေနဲ့ ခရစ္စမတ်ပွဲတော်ကို တစ်နည်းမဟုတ်တစ်နည်း ကျင်းပဖို့ ပြင်ဆင် လေ့ရှိကြပါတယ်။
“ ခရစ်ယာန်ဘာသာဝင်အနေနဲ့ ခရစ္စမတ်ကာလကို ကြွလာမယ့်သူငယ်တော်ယေရှုခရစ်တော်ကို မျှော်လင့်ခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်း၊ နောင်တရခြင်း စတဲ့အချက်တွေနဲ့ မိမိရဲ့နှလုံးသားတံခါးကိုဖွင့်ပြီး အကောင်းဆုံး ကြိုဆိုဖို့ပြင်ဆင်ထားကြတယ်” လို့ ထိုင်းနိုင်ငံနယ်စပ်ရောက် စစ်ရှောင်လူငယ် ၁ ဦးဖြစ်တဲ့ ဂျော့ကပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်နီးပါးအကြာမှာတော့ တောင်ပိုင်းဒေသတွေမှာ စစ်မက် ဖြစ်ပွားမှုနှုန်း နည်းနေသေးပေမယ့်လည်း ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင် ၃ ဖော်ကစတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး စစ်မျက်နှာပြင်က တောင်ပိုင်းဒေသအထိကျယ်ပြန့်လာခဲ့ပြီး စစ်ရေးအရှိန် မြင့်တင်လာတာကြောင့် ခရစ္စမတ်ကို ကြိုတင်ပြင်ဆင်မှုမရှိဘဲ ကျော်ဖြတ်နေကြရတယ်လို့ ကရင်ပြည်နယ်၊ ထိုင်း – ကရင်နယ်စပ်မှာရှိတဲ့ စစ်ရှောင် စခန်းတစ်ခုက သိရပါတယ်။
“ဒီနှစ်ကတော့ အခြေအနေကမကောင်းဘူးဆိုတော့ ဘယ်ချိန်ဘယ်လိုဖြစ်လာမလဲက မသိသေးဘူး။ ဘယ်ချိန်ပြေးရမလဲ။ ဘယ်အချိန်တိုက်ပွဲဖြစ်မလဲပဲ နားစွင့်နေရတာ” လို့ စစ်ရှောင်ပြည်သူ ၁ ဦးကပြောပါတယ်။
မြန်မာစစ်တပ်အာဏာသိမ်းခဲ့တဲ့ ၃ နှစ်နီးပါးအချိန်ကာလအတောအတွင်း တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ဒေသခံတွေနေထိုင်ရာ ကျေးရွာ၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းနဲ့ စစ်ရှောင်စခန်းတွေကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့မှုတွေပြုလုပ်နေတယ်လို့ ပြည်တွင်းမှာရှိနေ ကြတဲ့ ဒေသခံတွေထံကသိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းက ပြည်သူတွေရဲ့နေအိမ်ပေါင်း ၇၇, ၂၇၄ လုံးဝန်းကျင်ကို အကြမ်းဖက်မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်အထိ ကောက်ယူထားတဲ့စစ်တမ်းအရသိရသလို နိုဝင်ဘာ ၂၅ ရက်အထိ ပြည်တွင်း စစ်ပြေး ဒုက္ခသည်အရေအတွက်က ၄,၉၇၂, ၀၀၀ ဦးထက်မနည်းရှိခဲ့ပြီး နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေအရေအတွက်ကလည်း ၁,၁၀၃,၃၁၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP – Myanmar က ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ဖြစ်ပွားနေသလို ရုရှားနဲ့ယူကရိန်းမှာလည်း တိုက်ပွဲအရှိန်မြှင့်ဆဲပါပဲ။
အော်သိုဒေါ့စ်ခရစ်ယာန်တွေရဲ့ ခရစ်စမတ်အခါသမယမှာ ၁ ရက်ခွဲကြာ တဖက်သတ်အပစ်အခတ်ရပ်ထားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင် က ကြေညာထားပေမယ့် တကယ့်လက်တွေ့မှာတော့ ယူကရိန်းမှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေတယ်လို့ ယူကရိန်း သမ္မတ ဇာလန်စကီး က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့အချိန်နဲ့ စစ်တပ်အာဏာမသိမ်းခင်အချိန်မှာရှိခဲ့တဲ့ ခရစ္စမတ်ရဲ့အငွေ့အသက်က အများကြီးကွာခြားသွားပါပြီလို့ လူငယ်ဂျော့ကပြောပါတယ်။
“ ခရစ္စမတ်ရဲ့အငွေ့အသက်က အများကြီးကွာခြားသွားခဲ့ပါတယ်။ အာဏာမသိမ်းခင်ကဆို ခရစ္စမတ်ပွဲတွေမှာ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းတွေ ကိုယ်ချစ်တဲ့သူတွေနဲ့ ဘယ်အရာကိုမှ စိုးရိမ်ပူပန်စိတ်မရှိဘဲ ခရစ္စမတ်ပွဲတော်ကို ပျော်ရွှင်စွာကျင်းပခွင့်ရခဲ့တယ်။ ကြိုဆိုခွင့်ရခဲ့တယ်။ အာဏာသိမ်ပြီးနောက်ပိုင်းမှာတော့ အနာဂတ်တွေဖျက်ဆီးခံ ခဲ့ရတယ်။ လူ့အခွင့်ရေးတွေချိုးဖျက်ခံရတယ်” လို့ ထိုင်းနိုင်ငံနယ်စပ်ရောက် စစ်ရှောင်လူငယ် ဂျော့ ကပြောပါ တယ်။
စစ်ရှောင် ၈၀၀ ကျော်ရှိနေတဲ့ ထိုင်း – ကရင်နယ်စပ်ကစစ်ရှောင်စခန်းတစ်ခုကလည်း စစ်ရှောင်စခန်းမှာ ဒီနှစ်အတွင်း စစ်ရှောင်တွေများလာသလို အရင်နှစ်တွေကလိုတောင် ကျွေးမွေးနိုင်ပါတော့မလားလို့ဆိုပါတယ်။
ခရစ္စမတ်ကာလရောက်လာရင် ခရစ်ယာန်ဘာသာတွေက ခရစ်တော်ယေရှုကြွလာဖို့ မျှော်လင့်ကြသလို ခရစ္စယာန်ဘာသာဝင်မဟုတ်တဲ့ အခြားဘာသာဝင်တွေကလည်း ခရစ္စမတ်မှာ ပါဝင်ဆင်နွှဲပျော်ရွှင်တာ၊ ဓမ္မသီချင်း ဆိုတာ ၊ ခရစ္စမတ်လက်ဆောင်ဖလှယ်တာတွေ ပြုလုပ်လေ့ရှိပါတယ်။
ခရစ္စမတ်ကာလကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကြိုဆိုနေကြသလို တချို့နိုင်ငံတွေမှာတာ့ စန်တာကလော့ ဘိုးဘိုး ကြီးလို ဝတ်စုံတွေဝတ်ပြီး ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေရတဲ့ ကလေးငယ်တွေကို ခရစ္စမတ်လက်ဆောင်တွေ ပေးလေ့ရှိပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၃ နှစ်နီးပါးကာလမှာတော့ မြန်မာပြည်သူတွေအနေနဲ့ ခရစ္စမတ်ကို ကျည်ဆန်တွေ ဗုံးတွေကြားမှာဖြတ်သန်းနေကြရပြီး ခရစ္စမတ် လက်ဆောင်အနေနဲ့ ငြိမ်းချမ်းတဲ့မြန်မာနိုင်ငံတော်ကြီးကိုသာ ပြန်လည်ရရှိဖို့ ဆုတောင်းနေကြရပါတယ်။
***************************
ပုံစာ- မဲဆောက်မြို့၊ ဘုရားကျောင်းတစ်ကျောင်းတွင်ကျင်းပခဲ့သည့် သူငယ်တော်ယေရှုဖွားမြင်သည့်မြင်ကွင်း။
ဓာတ်ပုံ – ဒေသခံ။