၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၀၀ ကျော်သေဆုံး ၊ ၅၀ ဦးထက်မနည်း ဒဏ်ရာရ
*********************************
နန်းဆုပန်ခန့်
ဒီဇင်ဘာ ၁၀၊ ၂၀၂၃။
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေထိန်းချုပ်နယ်မြေ၊ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင်၊ မုန်း(မူး) မြို့နယ် ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၂၀ ဦးသေဆုံးပြီး ၅၀ ဦးဒဏ်ရာရရှိ ကြောင်း ကေအဲန်ယူ ဗဟိုကထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂ ရက်၊ ည ၁၀ နာရီကျော်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်ဘက်များက စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်များတပ်စွဲထားရာ ခမရ – ၅၉၀ တပ်ရင်း ဌာနချုပ်၊ မုန်းမြို့မရဲစခန်း နှင့် ကော့ပြင် တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ – ၅၉၉ တပ်ရင်းဌာနချုပ်နှင့် မုန်းသာစည်တံတားကင်းတို့အား တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။
ဒီဇင်ဘာ ၂ ရက်ကနေ ၇ ရက်အထိ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ဦးသေဆုံးပြီး ၅၀ ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်ဟု ဒီဇင်ဘာ ၉ ရက် ထုတ်ပြန်ချက်အရသိရသည်။
KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရရှိသူနှင့် အသက်ဆုံးရှုံးသူများရှိသည်ဟု မြေပြင်ရဲဘော်များထံကသိရသော်လည်း ကေအဲန်ယူ ဗဟိုက စာရင်းအတိ အကျမထုတ်ပြန်သေးပါ။
စခန်းသိမ်းတိုက်ပွဲအပြီးတွင် ကရင်အလံလွှင့်ထူမှုများရှိသကဲ့သို့ ဒီဇင်ဘာလ ၃ ရက်တွင် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဘက်ကသိမ်းပိုက်နိုင်ခဲ့သည့် မုန်းမြို့ ခမရ – ၅၉၀ တပ်စခန်းရှေ့တွင်လည်း တော်လှန်ရေးအလံတော်ကို လွှင့်ထူခဲ့ကြောင်းလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံကသိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားအလောင်း ၇၀ နှင့်အထက်အပါအဝင် လက်နက်ခဲယမ်းအများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ပုံစာ- KNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ခမရ ၅၉၀ စစ်ကောင်စီစခန်းကိုသိမ်းပိုက်အပြီး ကရင့်အလံလွှင့်ထူခြင်းနှင့် စစ်ဆင်ရေးကာလအတွင်း ရရှိခဲ့သည့် လက်နက်ခဲယမ်းတချို့မြင်ကွင်း။
ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး။