ကော့ကရိတ်၌ စစ်တပ်က ၂၀ ကျော်လက်နက်ချ၊ ကျန်ရှိတပ်များကို ပိတ်ဆို့ဖိအားပေးထား
****************************
သံလွင်ခက်
ဒီဇင်ဘာ ၁ ၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်နေရာများကို KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများက ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ လက်နက်ချ အညံ့ခံမှုရှိသော်လည်း ကျန်တပ်များမှာ လက်နက်မချသောကြောင့် ဖိအားပေး ပိတ်ဆို့ထားသည်ဟု ပူးပေါင်းစစ်ကြောင်းများထံမှ သိရသည်။
ကော့ကရိတ်မြို့တွင် ယနေ့ နံနက်အစောပိုင်း ၄ နာရီကတည်းက တစ်နေ့ကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် လက်နက်ချလာမှုရှိသည်ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူ ဗိုလ်ပွဲတော်က ပြောသည်။
” သူတို့တပ်စွဲထားတဲ့ ကော့နွဲ့ကိုဝင်လုံးတာ အဲမှာ ၇ ယောက်လား၊ ၈ ယောက်လား ထွက်ပြေးသွားတယ်။ ကျန်တဲ့ ၂၀ ကျော် ၃၀ လောက်က လက်နက်ချတယ် “ဟု ၎င်းကပြောသည်။
ကော့ကရိတ်မြို့တွင်းအပါအဝင် မြို့အပြင်ရှိ စစ်ကောင်စီစခန်းများကို ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေရာ ကော့ကရိတ်မြို့ အထိုင်တပ် ခလရ ၉၇ တပ်ရင်း အပါအဝင် စခန်း၃ခုထက်မနည်း သိမ်းပိုက်နိုင်ပြီးဟု သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်၍ ၉၇ တပ်ရင်းအား မသိမ်းနိုင်သေးပဲ ကျန်ရှိသည့် စစ်ကောင်စီတပ်များကို ပိတ်ဆို့ဖိအားပေးနေသည်ဟု ၎င်းကပြောသည်။
ကော့ကရိတ်မြို့တိုက်ပွဲအတွင်း၌ ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ထိခိုက်ကျဆုံးမှု၊ ဒဏ်ရာရရှိမှုများရှိသည့်အပြင် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံများထံမှ သိရသည်။
” တနေကုန်လေယာဥ်ဗုံးကြဲတယ်။ ပေါင်၅၀၀ အလုံး၅လုံးလောက်ရှိတယ် မြို့ထဲကိုချတာ။ မိသားစုလိုက်သေတာမျိုး အထိနာတာရှိတယ်။ လမ်းပေါ်မှာပိတ်မိနေတဲ့ ကုန်ကားသမားတွေလည်း ထိတာရှိတယ် “ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ယမန်နေ့ညပိုင်း ည၁၂ နာရီကျော်ချိန်၌လည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေဖြင့် ပေါင် ၅၀၀ ဗုံး ၄လုံးကြဲချခဲ့သောကြောင့် ကော့ကရိတ်မြို့အနီးရှိ ဖန်းခါးကုန်းကျေးရွာမှ အမျိုးသမီးတစ်ဦးသေပြီး အမျိုသားတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်ထားသည်။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2611
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6465