ဘမောင်
နိုဝင်ဘာ ၂၇၊ ၂၀၂၃။
၁၉၈၈ မတိုင်မီကာလဝန်းကျင်အထိ ပြည်ပကထုတ်လွှင့်တဲ့ ရေဒီယိုအစီအစဥ်တွေကိုနားထောင်သူရယ်လို့ သိပ် မများလှပါဘူး။ ထုတ်လွှင့်တဲ့ရေဒီယိုအစီအစဥ်တွေကလည်း အမေရိကန်ကVOA၊ အင်္ဂလန်က BBC နဲ့ အိန္ဒိယက AIR စတာတွေလောက်ပါ၊ နိုင်ငံရေးကလည်းခပ်အေးအေးဖြစ်နေချိန်ဆိုတော့ သတင်းတွေကလည်း မထူးခြားလို့ ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် ၈၈၈၈ အရေးတော်ပုံကာလဝန်းကျင်တဝိုက်မှာတော့ မြန်မာလူထုရဲ့ပြည်ပရေဒီယိုနားထောင်အားက တအားမြင့်တက်လာခဲ့တယ်လို့ ဆိုရပါမယ်။ မဆလအစိုးရဆန့်ကျင်ရေးကျောင်းသားလှုပ်ရှားမှုတွေကလည်း အများကြီးရှေ့တန်းရောက်လာမှုနဲ့အတူ BBC သတင်းထောက်ခရစ္စတိုဖါဂါးနက် ဆိုရင်လည်း မြန်မာ့ဒီမိုကရေစီ အရေးအတွက် အကူအညီပေးသူအဖြစ်မြန်မာတစ်နိုင်ငံလုံးမှာ လူသိများခဲ့ပါတယ်။
ဗိုလ်ချုပ် စောမောင်ရဲ့ နဝတအာဏာသိမ်းအစိုးရတက်လာပြီးနောက်မှာတော့ဖော်ပြပါပြည်ပရေဒီယိုအစီအစဥ် တွေအားလုံးက အာဏာသိမ်းစစ်တပ်ရဲ့မဟာရန်သူတော်စာရင်းဝင်သွားပါတော့တယ်။
BBC၊ VOA နဲ့ AIR ရေဒီယို စတာတွေက မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေးကိုဇောင်းပေးဖော်ပြလာချိန်မှာတော့ နဝတ ဘက်ကလည်း မိုးလုံးပြည့်မုသာဝါဒဆိုတဲ့ တံဆိပ်ကပ်ပြီးစာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ထုတ်ရင်း တုံ့ပြန်ခဲ့ပါ တယ်။ (အခုလိုဝါဒဖြန့်ပလက်ဖောင်းတွေမကျယ်ပြန့်သေးတဲ့အတွက် ဘယ်သူမှမဖတ်တဲ့စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ဘက်က အုပ်ရေထောင်သောင်းချီ ထုတ်ခဲ့ကြပါတယ်)
၈၈၈၈ အရေးတော်ပုံက မဆလအစိုးရကိုဖြုတ်ချနိုင်ခဲ့ပေမယ့် စစ်အာဏာရှင်စနစ်ကိုတော့မချုပ်ငြိမ်းနိုင်စေခဲ့ပါ ဘူး။ စစ်တပ်က ၈၈၈၈ အရေးတော်ပုံကို အပြင်းအထန်နှိပ်ကွပ်ဖြိုခွဲခဲ့တဲ့အတွက်တောထဲရောက်သူရောက်၊ ထောင်ကျသူကျ၊ ပြည်ပရောက်သူရောက် ဖြစ်ကုန်ကြပါတယ်။ပြည်ပရောက်သူတွေရဲ့ ကြိုးပမ်းမှုနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေးအတွက် ရပ်တည်ပေမယ့်ရေဒီယိုအစီအစဥ်တွေလည်း ထပ်ပြီး ထွက်ပေါ်လာခဲ့ပါ တယ်။
မြန်မာလူထုအနေနဲ့ ဖော်ပြပါရေဒီယိုအစီအစဥ်တွေနားထောင်ချင်ရင်ကြွက်တွင်းထဲဆင်းနားထောင်ရသလို လျှို့ဝှက်ပြီး နားထောင်ခဲ့ကြရပါတယ်။စစ်တပ်အုပ်ချုပ်တဲ့ခေတ်မှာ ရေဒီယိုနားထောင်တာကလည်း ရာဇဝတ်မှု ပါပဲ။ စစ်တပ်ရရဲ့ဝါဒဖြန့်ရုပ်/သံ သတင်းစာ စတာတွေကနေ VOA, BBC ညာနေသည်။ RFA, DVB လိမ်နေသည်။ပြည်ပအားကိုးပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ စတဲ့ ဆောင်ပုဒ်တွေ ဖော်ပြပြီးဝါဒမှိုင်းတိုက်ခဲ့ကြပါ တယ်။ တကယ်တော့ ဖော်ပြပါရေဒီယိုအစီအစဥ်တွေကစစ်အုပ်စုရဲ့အတွင်းသားသရုပ်မှန်တွေကို နှိုက်နှိုက်ချွတ် ချွတ် ဖော်ပြနေကြတာမဟုတ်ပါလား။
၂၀၀၈ ခြေ/ဥ အတည်ပြုပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်သိန်းစိန်ရဲ့ အရပ်သားတပိုင်းအစိုးရတက်လာပြီး နောက်ပိုင်းမှာလည်း ဘာသာရေး၊ လူမျိုးရေးပြဿနာက ရှေ့တန်းရောက်လာခဲ့ပါတယ်။၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် မှာ မသီတာထွေး အသတ်ခံရတာကစလို့ မိထ္တီလာအရေးအခင်းအထိမီးအမှိုက်ကစ ပြဿဒ်မီးလောင် ဖြစ်လာခဲ့ပါတယ်။
သတင်းနည်းပညာခေတ်၊ ဒီမိုကရေစီအတုယောင်ခေတ်ဖြစ်တာနဲ့အညီ USDP အစိုးရက ခွင့်ပြုပေးရတဲ့မီဒီယာ ပလက်ဖောင်းတွေလည်း ရှိလာပါတယ်။ ပြည်ပရောက်မီဒီယာတချို့လည်းပြည်တွင်းပြန်ဝင်လာခဲ့ကြပါတယ်။ သက်ဆိုင်ရာရဲ့ခွင့်ပြုချက်မလိုဘဲ ကိုယ့်သဘောကိုယ်ဆောင်တဲ့Facebook လိုနည်းပညာတွေပေါ်ထွန်းလာတာ ကြောင့် သတင်းကဏ္ဍကကျယ်ပြန့်သထက်ကျယ်ပြန့်လာပါတယ်။
ဆိုလိုတာက VOA၊ BBC ညာနေသည် ဆိုပြီး တဘက်သတ်ဝါဒဖြန့်လို့ရနေတဲ့ ခေတ်မျိုးမဟုတ်တော့ဘူးဆိုတာပါပဲ။ အပြန်အလှန်သဘောလေးတွေရှိလာပါပြီ။ (အဲ့ဒီကာလတွေမှာ ဘာသာရေး၊လူမျိုးရေးအခြေခံ သတင်းအမှားတွေနဲ့ အမုန်းစကားတွေကို ဆိုရှယ်မီဒီယာပေါ်တင်ပြီးအကြီးအကျယ်မှိုင်းတိုက်လှုံ့ဆော်ခဲ့ကြတဲ့ Eleven Media နဲ့ မှူးဇော် (ဗိုလ်မှူးဇော်ဌေး) တို့ကိုလည်းဒီနေရာမှာ မမေ့မလျော့မှတ်တမ်းတင်ရပါလိမ့်မယ်) အဲ့ဒီနောက် NLD အာဏာရလာပါတယ်။ မဇ္စျိမတို့ DVB တို့ ပြည်တွင်းပြန်ရောက်လာပါတယ်၊အခုနာမည်ကျော် online သတင်းဌာနတချို့လည်း အဲ့ဒီကာလမှာ အစပြုခဲ့ကြတာပဲဖြစ်တယ်။
အဲဒီအချိန်တွေကို ပြန်ကြည့်ရင် မူဆလင်( ရိုဟင်ဂျာ)အရေးကလည်း အဆိပ်တက်နေချိန်ပါ။ စစ်တပ်ကလူသတ်၊ မီးရှို့၊ မုဒိမ်းကျင့် ပေါ်လစီကို မူဆလင် (ရိုဟင်ဂျာ)တွေနေထိုင်တဲ့ဒေသတွေမှာအမြင့်ဆုံးကျင့်သုံးနေတာကြောင့် မူဆလင် (ရိုဟင်ဂျာ)တွေ တစ်ဘက်နိုင်ငံထဲသိန်းချီထွက်ပြေးခဲ့ကြရပါတယ်၊ အင်းဒင်ရွာလူသတ်မှုလို ဥပဒေမဲ့ကျူး လွန်မှုတွေအများအပြားဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာသတင်းထောက်တွေ ဒုက္ခရောက်ခဲ့ကြရပါတယ်။
ဆိုရှယ်မီဒီယာဝါဒဖြန့်ပလက်ဖောင်းတွေ ကျယ်ပြန့်လာမှုနဲ့အတူ သတင်းမှန်တင်ပြတဲ့သတင်းဌာနတွေအများ အပြားပေါ်ပေါက်လာခဲ့သလိုပဲ သတင်းတု သတင်းမှားတွေဖြန့်ဝေပေးမယ့်သတင်းတင်ဆက်မှုတွေလည်း အများအပြားပေါ်ပေါက်လာခဲ့ပါတယ်။ (စစ်အုပ်စုက ငွေနဲ့ အာဏာကိုလိုသလိုအသုံးချနိုင်တဲ့အတွက် သတင်းတု၊ သတင်းမှားတွေကို နည်းပေါင်းစုံသုံးပြီး ဖြန့်ချိနေတာကိုလက်ရှိနွေဦးတော်လှန်ရေးကာလမှ ပိုပြီး ထင်ထင်ရှားရှား တွေ့မြင်လာရပါတယ်။
ဗုဒ္ဓဘာသာကို တစ်ကမ္ဘာလုံးက စော်ကားနေသလို ဗုဒ္ဓဘာသာကိုစော်ကားမယ့် မီဒီယာတွေပဲရှိနေပြီးဗုဒ္ဓဘာသာ ကို ကာကွယ်ပေးမယ့် မီဒီယာမရှိဘူးလို့ စကစ မီဒီယာတွေက ဝါဒဖြန့်ချိလာတာကိုလည်းပိုပြီး တွေ့မြင်လာရပါတယ်။
မကြာသေးမီခင်ကပဲ ရခိုင်ပြည်နယ်မှာတိုက်ခတ်သွားတဲ့ မိုခါမုန်တိုင်းအတွင်း စကစရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အတွက် မူဆလင် (ရိုဟင်ဂျာ) အများအပြားသေဆုံးခဲ့ကြပြီး သတင်းမှန်တွေဖော်ပြပေးနေတဲ့မီဒီယာ တွေက အကြီးအကျယ်ဖွင့်ချခဲ့ကြပါတယ်။ ဒါကိုပဲ အမှောင်ခြမ်းဘက်မှာရှိနေတဲ့ စကစမီဒီယာတွေက အောက် တန်းကျကျတုံ့ပြန်ခဲ့ကြပါတယ်။
မူဆလင် (ရိုဟင်ဂျာ) တွေ သေဆုံးတဲ့အကြောင်း သတင်းဖော်ပြတဲ့မီဒီယာတွေကို စကစလော်ဘီတွေကဆဲရေးခဲ့ ကြပြီး မူဆလင် (ရိုဟင်ဂျာ) တွေသေတာက သူတို့အကုသိုလ်နဲ့သူတို့ဖြစ်ကြောင်းရေးကြပါတယ်။ မုန်တိုင်းဝင် ရောက်ခဲ့ရာလမ်းကြောင်းဖြစ်တဲ့ စစ်ကိုင်း တိုင်းနဲ့ချင်းပြည်နယ်ကပြည်သူတွေ ဒုက္ခရောက်ကြရတာကိုလည်း ဘုန်းကြီးတွေ၊ ဗုဒ္ဓဘာသာဝင်တွေကိုသတ်ဖြတ်စော်ကားလို့ တန်ပြန်ဒုက္ခရောက်တာလို့ ပုံဖော်တင်ဆက်ကြပါ တယ်။
ဒါတွေအားလုံးကိုပြန်ချုပ်ရရင် စစ်အုပ်စုက မဟာဗမာလူမျိုးကြီးဝါဒကိုင်စွဲထားသူတွေ ဖြစ်တာနဲ့အညီသူတို့ကို ဆန့်ကျင်တဲ့ သတင်းမီဒီယာတွေကိုဆိုရင်လည်း နိုင်ငံရေးအရသာမက လူမျိုးရေး၊ ဘာသာရေးအမုန်း စကားတွေနဲ့ပါ ပြင်းပြင်းထန်ထန်တိုက်ခိုက်လေ့ရှိတာကို တွေ့ကြရပါလိမ့်မယ်။ ၈၈၈၈ အရေးတော်ပုံကာလအပြီး မြန်မာပြည်သူတွေအကြား ရေပန်းစားခဲ့တဲ့ ရေဒီယိုအစီအစဥ်တွေကစပြီးလက်ရှိ နွေဦးတော်လှန်ရေးကာလ အတွင်း သတင်းမှန်တွေဖော်ပြပေးနေတဲ့ မီဒီယာတွေအထိ စစ်တပ်နဲ့စစ်တပ်လက်ပါးစေတစ်သိုက်က ဘယ်သူ့ ကို မျှ ချမ်းသာမပေးခဲ့ပါဘူး။ လိမ်နေတယ်။ ညာနေတယ်ဆိုတာကအစ ဒေါ်လာစားအလယ်၊ ပြည်ပအားကိုး ပုဆိန်ရိုး အဆုံးအမျိုးမျိုးပုံဖျက်ဝါဒဖြန့်ခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ဖော်ပြခဲ့သလို စစ်တပ်ရဲ့ဝါဒဖြန့်ချိမှုမျိုးတွေက ဒီကနေ့နွေဦးတော်လှန်ရေးကာလမှာတော့ အရာ မထင်နိုင်တော့ပါဘူး။ သဲထဲရေသွန်တာကမှသဲမှာအစိုဓာတ်ရသွားပါသေးတယ်လို့ ပြောရမှာဖြစ်ကြောင်းပါခင်ဗျာ။