ရှမ်းမြောက်က မြို့တချို့နဲ့တပ်စခန်းတွေဆုံးရှုံးနေပေမယ့် စစ်ကောင်စီက မြေပြင်ထိုးစစ်ပြန်မဆင်နိုင်
******************************
သံလွင်ခက်
အောက်တိုဘာ ၃၁ ၊ ၂၀၂၃ ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်နေတဲ့ စစ်ဆင်ရေး 1027၊ ၄ ရက်မြောက်အပြီးမှာတော့ မြို့တချို့ နဲ့ စစ် ကောင်စီတပ်စခန်း ၇၀ ကျော်ကို မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA၊ ရက္ခိုင့်တပ်တော် – AA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA တို့က မဟာမိတ်တပ်တွေနဲ့ ပူး ပေါင်းပြီး “1027”စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်က စတင်ဖော်ဆောင်ခဲ့ရာမှာ မနေ့က အောက်တိုဘာ ၃၀ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီသေဆုံးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိခဲ့တဲ့အပြင် သံချပ်ကာကားတွေနဲ့ လက်နက်၊ ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိထားပါတယ်။
လက်ရှိစစ်ဆင်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် -MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်း ကို သံလွင်ခက်က ဆက်သွယ်မေးမြန်းထားပါတယ် ။
မေး – မနေ့က စစ်ဆင်ရေး ၄ ရက်မြောက်အထိ စစ်ကောင်စီတပ်စခန်းတွေနဲ့ တပ်စွဲထားတဲ့နေရာတွေ ဘယ် လောက်များများကို ဆရာတို့ ညီနောင်မဟာမိတ်တပ်တွေက သိမ်းပိုက်ရရှိထားနိုင်ပြီလဲ။
ဖြေ- ဒီ ၄ ရက်တာစစ်ဆင်ရေးအတောအတွင်းမှာတော့ ကျွန်တော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့သိမ်းထားတဲ့ တပ်စခန်းစုစုပေါင်း ၇၀ ကျော်ရှိပါပြီ။
မေး – လက်ရှိမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဘယ်မြို့တွေကို ထိန်းထားနိုင်ပြီးတော့ ထိန်းထားတဲ့မြို့တွေကို စစ်ကောင်စီဘက်က ဘယ်လို စစ်ဆင်ရေးတွေ ပြန်လုပ်နေပါသလဲ ဆရာ။
ဖြေ – ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့က ချင်းရွှေဟော်မြို့ကို လုံးဝထိန်းချုပ်ထားနိုင်တဲ့ အနေအထားမှာရှိတယ်။ သိန္နီကိုတော့ စစ်ရေးအော်ပရေးရှင်းတွေ ဆက်လက်ဖော်ဆောင်နေဆဲပါပဲ။ နောက်ပြီး မိုးကိုး ၊ ဖောင်းဆိုင်။ ဖောင်း ဆိုင်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို အကုန်လုံးမောင်းထုတ်လိုက်ပြီလို့ ပြောလို့ရတယ်ဗျ။
မေး- ဆရာတို့သိမ်းပိုက်ရရှိခဲ့တဲ့စခန်းတွေမှာလည်း စစ်ကောင်စီရဲ့ အရေးပါတဲ့စခန်းတွေပါပါနေတော့ အဲ့စခန်း တွေကိုရော စစ်ကောင်စီဘက်က ပြန်လည်တိုက်ခိုက်တာတွေ၊ ပြန်ထိုင်သွားတာတွေရှိလား ဆရာ။
ဖြေ – အခုလောလောဆယ်တော့ မြေပြင်အင်အားနဲ့ပြန်ထိုးစစ်ဆင်တာတော့ မရှိသေးပါဘူး။ လက်နက်ကြီးတို့ ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေတော့ ရှိပါတယ် ။
မေး- ဆရာတို့ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ကာလအတွင်းမှာ စစ်ကောင်စီဘက်က အရပ်သားပစ်မှတ်တွေအပါ အဝင် ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာရှိလဲ။
ဖြေ – သူတို့ကတော့ ထုံးစံအတိုင်း တိုက်လေယာဥ်နဲ့ရွာတွေကို ဗုံးကြဲဖျက်ဆီးတာပေါ့။ ကျွန်တော်တို့ ချင်းရွှေ ဟော်ဒေသမှာရှိတဲ့ ရွာ ၂ ရွာလည်း လက်နက်ကြီးကျည်ပေါက်ကွဲပြီးတော့မှ အရပ်သားနေအိမ်တွေ တော်တော် များများ ပျက်စီးခဲ့ရတယ်။ ပြီးတော့ သိန္နီမှာလည်း သူတို့ရဲ့ လေယာဥ်ပျံဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ဒဏ်ရာရရှိတာရှိတယ်ဗျ။
မေး – ဒီတော်လှန်ရေးကြီး အမြန်အောင်မြင်ပြီးဆုံးဖို့ ပြည်သူတွေနဲ့ အခြားတော်လှန်ရေးအင်အားစုတွေကိုရော ဆရာတို့ ဘယ်လို သတင်းစကားပါးချင်ပါသလဲ ။
ဖြေ – ဟုတ်ကဲ့။ ပြည်သူလူထုတစ်ရပ်လုံးအတွက် အိတ်ဖွင့်စာတော့ ထုတ်ပြန်ထားပါတယ်ဗျ။
( ညီနောင် မဟာမိတ် ၃ ဖွဲ့က ” 1027 “စစ်ဆင်ရေးနှင့်ပတ်သက်၍ အောက်တိုဘာ ၂၉ ရက်စွဲဖြင့် ကျေးဇူးတင် ကြောင်း ထုတ်ပြန်ကြေညာချက်ကိုထုတ်ပြန်ထားပြီး အဆိုပါကြေညာချက်၌ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြ သော မြန်မာပြည်သူလူထုတစ်ရပ်လုံးအပါအဝင် အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်တစ်ယောက်ချင်းဆီကို များ စွာကျေးဇူးတင်ရှိသည်ဟု ပါရှိသည်။
ထို့ပြင် စစ်ဆင်ရေးအောင်မြင်ရန်အတွက် ပြည်သူလူထု၏အားပေးထောက်ခံမှုနှင့် ဝန်းရံပံ့ပိုးမှုတို့သည် အလွန် အရေးကြီးပြီး ဤစစ်ဆင်ရေးကြီး မပြီးမချင်း မိမိတို့နှင့်တစ်သွေးတည်းတစ်သားရှိရန် ဆက်လက်လိုအပ်နေဦးမည် ဖြစ် ကြောင်းနှင့် ဤစစ်ဆင်ရေးကြီးကို အထောက်အပံ့အကူအညီဖြစ်စေသော မည်သည့်လုပ်ဆောင်ချက်မျိုးမဆို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပါဝင်၍သော်လည်းကောင်း၊ ပုံစံတစ်မျိုးမျိုးဖြင့်သော်လည်းကောင်း ဆက်လက် ပူးပေါင်းပါဝင်ကြရန်ကိုလည်း လေးလေးနက်နက်တိုက်တွန်းထားသည်)