ပဲခူးရေဘေးသင့်ပြည်သူများ သောက်သုံးရေလိုအပ်နေ
*********************************
သံလွင်ခက်
အောက်တိုဘာ ၁၁၊ ၂၀၂၃။
ပဲခူးမြို့၊ ရေဘေးသင့်ပြည်သူများအနေဖြင့် လက်ရှိတွင် သောက်သုံးရေ အခက်ခဲများဖြင့်ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အဖွဲ့များထံက သိရသည်။
ယနေ့ အောက်တိုဘာ ၁၁ ရက်တွင် ပဲခူးမြို့ရှိ ရွှေမော်ဓော ဘုရားလမ်း၊ အမှတ် ၃ နေရှင်နယ်ကျောင်းရှေ့လမ်းအပါအဝင် ရပ်ကွက်တချို့တွင် ရေများ ပြန်လည်ကျဆင်းခဲ့သော်လည်း ဇိုင်းတောင်ပိုင်း/ မြောက်ပိုင်း ၊ ကျွန်းသာယာ ၊ ခေါင်းစျေးကျွန်း ၊ ကလျာဏီ စသည့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေများကျန်ရှိနေသေးသည်ဟု အဆိုပါရပ်ကွက်နေ ဒေသခံများထံကသိရသည်။
ရေကန်များနစ်မြုပ်နေသည့်အတွက် လက်ရှိတွင် သောက်သုံးရေနှင့် သုံးရေအခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ဇိုင်းတောင်ရပ်ကွက်တွင် နေထိုင်သူ ၁ ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။ ၎င်းက
” ဒီဘက်မှာက ခက်ခဲတဲ့ မိသားစုဝင်တွေရှိတယ်။ အခုလေးတင် စားနပ်ရိက္ခာနဲ့ ရေပေးတဲ့အဖွဲ့ လာသွားတယ် ။ ဒါပထမဦးဆုံးအကြိမ် ၁ ကြိမ်လာတာပေါ့ ။ ဒီမှာက ရေကန်တွေမြုပ်ကြတော့ သောက်သုံးရေလိုတယ်၊ သုံးရေ လိုတယ်။ လောလောဆယ် ရပ်ကွက်ထဲ ရေကန်ကြီးရှိတဲ့အိမ်ကနေ မျှခပ်ပြီးတော့ ချွေတာသုံးရတဲ့အနေအထားတော့ရှိတယ်။ အချင်းချင်းက ကူရတာပေါ့ ” ဟုဆိုသည်။
ရေလွှမ်းခဲ့သော နေအိမ်နှင့် အဆောက်အဦများအား ရှင်းလင်းရေးဆောင်ရွက်ပြီးမှ ရပ်ကွက်နေပြည်သူများအား ကယ်ဆယ်ရေးစခန်းများမှ မိမိတို့နေအိမ်များသို့ ပြန်လည်နေထိုင်ခွင့်ပြုထားသည်ဟု ကူညီသူများက ပြောသည်။
လက်ရှိတွင် အလှူရှင်များ၏ လာရောက်လှုဒါန်းမှုဖြင့်သာ ရေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကို ဖြေရှင်းပေးနေရသည်ဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသူ ၁ ဦးက ပြောသည်။
” လိုအပ်ချက်က လောလောဆယ် ရေပဲ ၊ ရေကန်တွေ အကုန်မြုပ်သွားတော့ ရေငတ်နေကြတယ်။ ရန်ကုန်ကအဖွဲ့တွေ ရေသန့်ဗူးတွေ လာလှူကြတယ်။ အဲ့တာလေးတွေ လိုက်လှူပေါ့၊ ရသလောက်လေး၊ တစ်အိမ် ၂ ဗူး၊ ၃ ဗူး ရတယ်” ဟုဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာထက်ကျော်လွန်ပြီး အောက်တိုဘာလ ၉ ရက်တွင် ၁၀၀၀ စင်တီမီတာကျော်ထိ ရောက်ရှိခဲ့သည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက်ပိုင်း တိုင်းတာချက်အရ ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ် ၈၈၀)နှင့် မြစ်ရေမှတ် ၉၈၃ စင်တီမီတာရှိပြီး ယမန်နေ့ထက် ၁၈ စင်တီမီတာခန့် ကျဆင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ပုံစာ – ရေကျပြီးနောက် မြင်တွေ့ရသည့် ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်တချို့ မြင်ကွင်း ။
Photo – Zayar Myat Khaing’s facebook