သံလွင်ခက်
အောက်တိုဘာ ၉ ၊ ၂၀၂၃။
အောက်တိုဘာ ၈ ရက် မနက်ပိုင်းမှာ ပါလက်စတိုင်း ဟားမတ်စ်စစ်သွေးကြွအဖွဲ့တွေက အစ္စရေးနိုင်ငံကို ရုတ်တရက်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ လူပေါင်း ၁၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဂါဇာ ကမ်းမြောင်မှာရှိတဲ့ လူပေါင်း ၇၄၀၀၀ နီးပါး အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေအဖြစ်ဖွင့်လှစ်ထားတဲ့ စာသင် ကျောင်းတွေမှာခိုလှုံနေရတယ်လို့ ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) ပြော ပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်စစ်သွေးကြွတွေရဲ့စစ်ပွဲအတွင်း အမေရိကန်က လေယာဥ်တင်သင်္ဘောတွေနဲ့ ဂျက်လေယာဥ် တွေကို မြေထဲပင်လယ်အရှေ့ပိုင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ နောက်ထပ်ဂျက်လေယာဥ်တွေလည်း စေလွှတ်သွားဖို့ရှိ တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိင် အော်စတင် ကပြောပါတယ်။
တနင်္လာနေ့မနက်ပိုင်းက အွန်လိုင်းမှာပျံ့နှံ့နေတဲ့ပုံတွေအရ ဂါဇာမှာရှိတဲ့ ဗလီနဲ့ လူနေအိမ်အဆောက်အဦတွေ ပြိုကျပျက်စီးနေတာကို တွေ့ရပြီး ဟားမတ်စ်နဲ့ ပါလက်စတိုင်းအစ္စလာမ္မစ်ဂျီဟတ် ၅၀၀ ကျော်ကို ညတွင်းချင်း သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောပါတယ်။
ပါလက်စတိုင်းပြည်ထဲရေးဝန်ကြီးဌာနကတော့ ပစ်မှတ်အများစုက တာဝါတိုင်တွေ၊ လူနေအဆောက်အဦတွေ၊ အရပ်ဘက်ဝန်ဆောင်မှုဆိုင်ရာအဆောက်အဦတွေနဲ့ ဗလီတွေသာဖြစ်တယ်လို့ ဆိုပါတယ်။ ပြင်းထန်တဲ့ နှစ်ဘက် ပစ်ခတ်မှုတွေအပါအဝင် အရပ်သားဧရိယာတွေကို လေကြောင်းတိုက်ခိုက်မှုတွေသာဆက်ပြီး ပြုလုပ်နေကြမယ် ဆိုရင် ထွက်ပြေးတိမ်းရှောင်နေရသူအရေအတွက် ပိုပြီးတိုးလာမှာဖြစ်ပြီး စာသင်ကျောင်း ၁ ကျောင်း တိုက်ရိုက် တိုက်ခိုက်ခံခဲ့ရတယ်လို့ UNRWA ကပြောပါတယ်။
အောက်တိုဘာ ၁၀ ရက် ညနေပိုင်းအချိန်အထိ နှစ်ဘက်လူစုစုပေါင်း ၁၁၀၀ ကျော်သေဆုံးခဲ့ရတဲ့ အစ္စရေးနဲ့ ဟားမတ်စ်စစ်သွေးကြွတွေရဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အာရှလေကြောင်းလိုင်းတွေအပါအဝင် နိုင်ငံတကာ လေကြောင်းလိုင်းအများစု အစ္စရေးနိုင်ငံကိုပျံသန်းဖို့ ယာယီဆိုင်းငံ့ထားပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ မြန်မာနိုင်ငံသားတွေသေဆုံးမှုရှိ ၊ မရှိ မသိရသေးပေမယ့် ထိုင်းနိုင်ငံသားအနည်းဆုံး ၁၂ ဦးသေဆုံးထားပြီး ၈ ဦးဒဏ်ရာရရှိထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးကပြောပါတယ်။ အစ္စရေးတာဝန်ရှိသူတွေကတော့ ထိုင်းနိုင်ငံသား ၂ ဦးသေဆုံးကြောင်းကိုသာ အတည်ပြုထားပါတယ်။
Ref: NDTV
Photo: Reuters
ပုံစာ – အောက်တိုဘာ ၈ ရက် က ဟားမတ်စ်စစ်သွေးကြွများနှင့်တိုက်ပွဲအပြီး ပျက်စီးသွားသောရဲစခန်းတစ်ခုကို အစ္စရေးစစ်သားများစစ်ဆေးနေစဥ်။