သံလွင်ခက်
စက်တင်ဘာ ၃၀ ၊ ၂၀၂၃။
မြန်မာနိုင်ငံ၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက ကုမ္ပဏီတစ်ခုအား လိမ်လည်ထောက်ခံချက်ပေးပြီး ပို့ကုန်ရရှိငွေ ၁၀၀ ရာခိုင်နှုန်းအပြည့် လိမ်လည်ထုတ်ယူမှုပြုလုပ်ခဲ့သဖြင့် Southland Myanmar ရော်ဘာကုမ္ပဏီကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေသည်ဟု မွန်ပြည်နယ်အခြေစိုက် လုပ်ငန်းရှင်အသိုင်းအဝိုင်း အချို့ထံက သိရသည်။
“လိမ်လည်ပြီး ထောက်ခံချက်ထုတ်ပေးခဲ့တဲ့ ရော်ဘာအသင်းနဲ့ ပို့ကုန်ရငွေ ၁၀၀ ရာခိုင်နှုန်းအပြည့် လိမ်လည်ထုတ်ယူခဲ့တဲ့ Southland Myanmar ရော်ဘာကုမ္ပဏီကို စစ်ဆေးအရေးယူမှု စတင်နေပြီလို့ သိရတယ်။ အသင်း ကလည်း ကုမ္ပဏီဆီကနေ ရော်ဘာ ၁ တန်ကို ၂ ဒေါ်လာနှုန်းယူနေတယ်။ အခု ကြားရတာကတော့ South Land Myanmar ရော်ဘာကုမ္ပဏီရဲ့ ထုတ်ကုန်၊ သွင်းကုန်လိုင်စင် ပိတ်သိမ်းထားတယ်၊ လိမ်လည်ထုတ်ယူခဲ့တဲ့ ပို့ကုန် ရငွေတွေကိုလည်း ပြန်ပြီးပေးသွင်းခိုင်းထားတယ် ကြားရတယ်’’ဟု နီးစပ်သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းအနေဖြင့် Southland Myanmar ရော်ဘာကုမ္ပဏီနှင့် ပူးပေါင်းပြီး ယင်းကုမ္ပဏီအနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နေကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထောက်ခံချက်ကို လိမ်လည်တောင်းခံခဲ့သည်ဟုသိရသည်။
ထို့ပြင် ပြည်ပပို့ကုန်ရငွေ ၁၀၀ ရာခိုင်နှုန်းကိုလည်း လိမ်လည်ထုတ်ယူခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၊ ဗဟိုဘဏ် အမိန့်ကြေငြာစာအမှတ် ၁၅ / ၂၀၂၃ တွင် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ ခြင်းကရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်း အစား ၅၀ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရမည်ဟု ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၁၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
“အစိုးရက လက်အိတ်၊ တာယာထုတ်ကုန်တွေကိုပဲ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) လို့ သတ်မှတ်ထား တယ်၊အခုသိရတာက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက Southland Myanmar ရော်ဘာကုမ္ပ ဏီက ပို့ကုန်တွေက တန်ဖိုးမြှင့်ထုတ်ကုန်တွေ မဟုတ်ဘူး၊ ရော်ဘာအသင်းက လိမ်လည်ထောက်ခံချက် ပေးတာ ကိုစစ်ဆေးသိရှိသွားတယ်၊ ရော်ဘာထုတ်ကုန်ထုတ်တဲ့ စက်ရုံ ၁၅ ရုံရှိပေမယ့် အဲဒီကုမ္ပဏီကို ရော်ဘာအသင်းက မမှန်မကန် လိမ်လည်ထောက်ခံချက် ပေးပြီး ဒေါ်လာ ၁၀၀ ရာခိုင်နှုန်းပြည့် ထုတ်ယူခဲ့တယ်’’ဟု ရော်ဘာလုပ်ငန်း ရှင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် Rubber MSR ထုတ်လုပ်သည့် စက်ရုံ ၁၅ ရုံရှိပြီး ပြည်တွင်း နိုင်ငံသားပိုင် စက်ရုံ ၁၃ ရုံ၊ FDI ကုမ္ပဏီများဖြစ်တဲ့ Southland Myanmar ကုမ္ပဏီပိုင် စက်ရုံ 1ရုံနှင့် Sri Trang Ayeyar Rubber ကုမ္ပဏီပိုင် စက်ရုံ ၁ရုံ ရှိသည်။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2080
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5767