AA အရာရှိတစ်ဦး လက်နက်ကြီးထိမှန်
*******************
စက်တင်ဘာ ၂၉၊ ၂၀၂၃။
သံလွင်ခက်။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ရက္ခိုင့်တပ်တော် AA ၏ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်ထံက သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၈ရက် မနက် ၁၀ နာရီခန့်တွင် ကချင်ပြည်နယ် ခါယာတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာမြို့ရှိ ရက္ခိုင့်တပ်တော် AA မုန်လိုင်ခမ်းတပ် စခန်းတခုအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
တပ်စခန်းအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် AA တပ်ဖွဲ့ဝင် ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသနေချိန် ညနေ ၄ နာရီဝန်းကျင်တွင် ကျဆုံးသွားခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
ထို့ပြင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ တပ်ဖွဲ့ဝင် တချို့လည်းရှိသည်ဟု ၎င်းကဆက်လက်ပြောသည်။
ယမန်နေ့တွင် KIA အပါအဝင် K-PDF တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ကြား လိုင်ဇာမြို့အနီးတွင် နှစ်ဘက် အပြန်အလှန် တိုက်ပွဲဖြစ်ပွါးခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်က ယခုကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခဲ့ခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA နှင့်နီးစပ်သူတစ်ဦး ထံကသိရသည်။