သံလွင်ခက်
စက်တင်ဘာ ၂၄ ၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ် မိုင်းယုလေးေကျးအုပ်စု ဖာပျဥ်ကျးရွာမှာ နေ့ စက်တင်ဘာလ ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်က ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြားတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။
တိုက်ပွဲကြောင့် မန်ပန်ကျေးရွာခံနှင့် ဖာပျဥ်ကျေးရွာခံများ မိုင်းယုလေးကျေးရွာဘက်တွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “သူတို့တပ်နှစ်ခုကြား ဘာဖြစ်လဲတော့ မသိဘူး။ တိုက်ပွဲခဏဖြစ်တယ်။ သူတို့အချင်းချင်းနားလည်မှု လွှဲတာလား၊ တစ်ခုခုတော့ရှိမှာပေါ့၊သေသေချာချာတော့မသိဘူး။ ရွာခံတွေအားလုံးကတော့ မိုင်းယုလေးရွာနဲ့ ကုန်စုံရွာဘက်တိမ်းရှောင်နေကြတယ်”ဟု ပြောသည်။
TNLA နှင့် SSPP တို့သည် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါသည်။
တပ်ပေါင်းစုဖြစ်သည့် TNLA နှင့် SSPP တို့အကြား တိုက်ပွဲဖြစ်ပွားရခြင်းကို နှစ်ဖက်တပ် ညှိနှိုင်းဆွေးနွေးမှုပြုနေကြောင်းလည်း စုံစမ်းသိရှိသော်လည်း တရားဝင် ထုတ်ပြန်လာခြင်းမရှိသေးပေ။
လတ်တလောတွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPPနှင့် တအာင်းတပ်မတော်တို့အကြား စစ်ရေးတင်းမာနေသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်တွင်လည်း ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအနီးမှာ TNLA နှင့် စစ်ကောင်စီ တို့အကြားတိုက်ပွားဖြစ်ခဲ့သည်။
Photo- (SSPPတပ်ဖွဲ့ဝင်များမြင်ကွင်း /SSPP Info)