ယမင်းဖူးပွင့်အောင်
ဇွန် ၁၀၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းအနီးတစ်ဝိုက်က ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမီးရှို့နေသည်ဟု ဒေသခံများထံက သိရသည်။
ညောင်ပင်ကြီးရဲစခန်းကို ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားတိုက်ခဲ့ပြီးနောက် မုံရွာဘက်ကမ်းမှ စစ်ကူများ ဝင်ရောက်လာပြီး ရဲစခန်းအနီးတစ်ဝိုက်ရှိကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့နေခြင်းဖြစ်သည်။
စစ်ကြောင်းထိုး မီးရှို့ခံရသောကြောင့် ရွာပေါင်း ၁၆ရွာမှ ဒေသခံပြည်သူ ၆၀၀၀ ခန့် နေရပ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးနေရသည်ဟု ဆားလင်းကြီးမြို့နယ် လက်ပတောင်းတောင် ပင်မသပိတ်အဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ဒီနေ့ မော်တော်နှစ်စီးနဲ့ထပ်ရောက်တယ်။ အင်အား ၂၀၀ ကျော်လောက်ရှိတယ်။ မနေ့ညနေထဲက စရှို့နေတာ ခုထိရှို့နေတုန်းပဲ။ မီးခိုးက တောက်လျှောက်တက်နေတာ။ ညောင်ပင်ကြီးရွာအပါအဝင် ရွာပေါင်း လေးရွာလောက်ကိုမီးရှို့ထားတယ်။ ပျက်စီးဆုံးရှုံးမှုကို ခန့်မှန်းလို့မရသေးဘူး။ ခုချိန်ထိ ရွာတွေနားကပ်လို့မရသေးဘူး” ဟုပြောသည်။
ညောင်ပင်ကြီး စခန်းသိမ်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်က MI 35 တစ်စီး၊ ဂျက်ဖိုက်တာနှစ်စီးနှင့်လေကြောင်းပစ်ကူများရောက်ရှိလာသလို ဝမ်ပေါင်စခန်းနှင့် ကျောက်မျက်တောင် တပ်စခန်းတို့မှလည်းလက်နက်ကြီးပစ်ကူပြီး စစ်ကူများလည်း ရောက်ရှိလာသည်ဟု ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံက ပြောသည်။
“တစ်နာရီကျော်ကြာအောင် စခန်းပတ်ပတ်လည်မှာဝိုင်းပြီး စခန်းရှိတဲ့နေရာကို ဦးစိုက်ပြီးပစ်တာ။ ဗုံးတစ်လုံးကြဲတာကတော့ ဒေသခံနေအိမ်အပေါ်တည့်တည့်ကျပြီး မီးလောင်ပြာကျသွားတယ်”ဟုပြောသည်။
လေကြောင်းပစ်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိကာ အမျိုးသမီးပြည်သူနှစ်ဦးလည်း ဒဏ်ရာရခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းမှ စစ်လက်နက်၊ အသုံးအဆောင်ပစ္စည်းများ (ကာလတန်ဖိုး စုစုပေါင်း ကျပ်တစ်ရာတစ်ဆယ့်လေးသိန်းကျပ် )သိမ်းဆည်းရမိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ညောင်ပင်ကြီးရဲစခန်းသည် ဆားလင်းကြီးမြို့နယ်နှင့် မုံရွာမြို့နယ်ကြားတွင် တည်ရှိပြီး ဝမ်ပေါင်စီမံကိန်းနှင့်လည်း တစ်မိုင်ခန့်သာ ကွာဝေးသည်။
ပုံစာ− မီးရှို့ခံရသည့် ညောင်ပင်ကြီးစခန်းအနီးမှ နေအိမ်အား တွေ့ရသည့်မြင်ကွင်း။
Photo- ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1396
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5093
Website ->https://eng.thanlwinkhet.net