ကောင်းချစ်အောင်
ဇွန် ၉၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရေကန်စုရွာအနီးရှိ ကာကွယ်ရေးစခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကရုတ်တရက်စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ယမန်နေ့ ဇွန်လ ၇ ရက် နံနက်ငါးနာရီကျော်ခန့်တွင် စစ်ကောင်စီတပ်များသည် ရေကန်စုရွာထဲသို့ အင်အား၈၀ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာအနီးရှိစခန်းကို အလစ်အငိုက်တိုက်ခိုက်ခဲ့သည့်အတွက် ရဲဘော်လေးဦးကျဆုံးခဲ့ခြင်းဖြစ်သည်ဟု မုံရွာခရိုင်အမှတ်–၂၇တပ်ရင်း ယာယီတပ်ရင်းမှူးကိုစိုးကြီးက သံလွင်ခက်ကိုပြောသည်။
၎င်းက “ညဘက်တွေတော့ ကင်းချထားတယ် မနက်၄ခွဲဆိုရင်ကင်းတွေဖြုတ်တာ ရဲဘော်အားလုံး မနက်ပိုင်းPTပြေးနေချိန်မှာ အလစ်တိုက်ခံရတာ ခုခံပစ်ခတ်ခဲ့ပေမယ့် အင်အားမမျှတော့ ပြေးရတာ“ဟု ဆိုသည်။
မုံရွာခရိုင်အမှတ်–၂၇တပ်ရင်း၊ တပ်ခွဲ–၂မှ မဇင်ဇင်စိုး(၁၈နှစ်)၊ မခင်ရတနာဦး(၂၀နှစ်)၊ ရဲဘော်အသေးလေး(၁၇နှစ်)၊ ရဲဘော်ဘီအီး(၂၄နှစ်) စုစုပေါင်းလေးဦးကျဆုံးခဲ့ပြီး စခန်းရှိ ကျန်ရဲဘော်များသည် အထိအခိုက်ဆုတ်ခွာနိုင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
စခန်းအတွင်းရှိ ဆိုင်ကယ်များနှင့် ရဲဘော်အလောင်းများကို မီးရှို့ဖျက်ဆီးသွားသည့်အပြင် ရေကန်စုရွာမှအမျိုးသားနှစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ကိုစိုးကြီးကပြောသည်။
“ခွဲ၂က ဆိုင်ကယ်၉စီးနဲ့ အလောင်းတွေကိုမီးရှို့သွားတယ် ရွာလယ်မှာ ရွာခံအမျိုးသားတစ်ဦးကိုတားတာ ဆိုင်ကယ်မရပ်ပေးလို့ပစ်သွားတယ် ကျောင်းအနီးကအဘိုးကြီးတစ်ဦးကိုလည်း သတ်သွားတယ်“ဟု ဆိုသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေကန်စုရွာ စာသင်ကျောင်းထဲတွင် တပ်စွဲထားသည့်စခန်းကိုဝင်ရောက်စီးနင်းခဲ့ပြီး လက်လုပ်သေနတ်များ၊ ယူနီဖောင်းများ သိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်။
“စခန်းကရွာအပြင်မှာပါ အဲဒါကို စာသင်ကျောင်းထဲမှာ ဓာတ်ပုံတွေရိုက်ပြီး ဝါဒဖြန့်တဲ့သဘောပါ“ဟု ကိုစိုးကြီးကဆိုသည်။
လက်လုပ်စိန်ပြောင်း၁လက်၊ လက်လုပ်သေနတ်၈လက်၊ ကျည်အိမ်၅ခု၊ ပြောက်ကျားယူနီဖောင်း၁၀စုံ၊ကျည်၄၃တောင့်၊ ဗုံးသီးများ သိမ်းဆည်းရမိသည် တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြထားသည်။
ယနေ့တွင်လည်း ရေကန်စု ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်နေသည့်အတွက် ယင်းကျေးရွာမှဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
ပုံစာ – စစ်ကောင်စီသတင်းချန်နယ်များတွင် ဖော်ပြထားသည့် သိမ်းဆည်းရမိသည့်ပစ္စည်းများ
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1367
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5040&preview=true
Website ->https://eng.thanlwinkhet.net