သံလွင်ခက်။
ဇွန် ၁ ၊ ၂၀၂၃။
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ အမြောက်တပ်မှ စစ်ကူရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရင့်ရဲကျေးရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
အမြောက်တပ်မှ ထွက်လာသည့် အင်အား ၃၀ခန့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ထုတိုက်နယ်အတွင်းတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ အထိနာနေသည့်အတွက် ရင့်ရဲကျေးရွာရှိနေအိမ်များကို မီးရှို့ခြင်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက ” မင်းတပ်ဘက်ကို တက်သွားတဲ့ အင်အား ၂၀၀ လောက်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး ကျောက်ထုဘက်ကို ပြန်ဆင်းလာတာ၊ အဲ့လိုဆင်းလာတဲ့ချိန်မှ လမ်းတစ်လျောက်တိုက်ပွဲတွေဖြစ်တယ်။ အဲ့တိုက်ပွဲတွေဖြစ်တဲ့စစ်သားတွေက လာရှို့တာမဟုတ်ဘူး။ ကျောက်ထု အမြောက်တပ်ထဲကမှ ထွက်ပြီး ရွာကို မီးရှို့သွားတာ။ အထိနာလို့ မကျေနပ်လို့ သက်သက် လာရှို့သွားတာ ” ဟုဆိုသည်။
ရင့်ရဲကျေးရွာကို မီးရှို့ရန် ထွက်လာသည့် ကျောက်ထုမြို့ အမြောက်တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကျောက်ထုတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးမှူးကိုယောကြီးက ပြောသည်။
၎င်းက ” ထွက်လာတဲ့ချိန်မှာ ကျွန်တော်တို့ ကင်းစောင့်ရှိတာနဲ့ တိုက်ပွဲဖြစ်လိုက်သေးတယ်။ ဒါပေမယ့် သူတို့ကအမြောက်တပ်ထဲကနေ ၃၀ လောက်ထွက် လာတဲ့အခါမှာ နည်းနည်းနောက်ဆုတ်ပေးလိုက်တယ်။ မီးမရှို့လောက်ဘူးထင်လို့။ မီးရှို့တဲ့အချိန်မှာ ပြန်လုံးပြီးဝင်တိုက်တော့ သူတို့ ပြန်ဆုတ်သွားတယ်။ “ဟု ဆိုသည်။
အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ရင့်ရဲကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၀နီးပါး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ကာ ယင်းထဲမှ မကွေးတိုင်းထဲရှိ နေအိမ် ၉၀၁၉ လုံး ပျက်စီးဆုံးရှုံးခဲ့သည်ဟု Data For Myanmar ကထုတ်ပြန်ထားသည်။
ပုံစာ – မီးရှို့ဖျက်ဆီးခံရပြီးနောက် မြင်တွေ့ရသည့် ရင့်ရဲကျေးရွာမြင်ကွင်း။
Photo – Credit
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1289
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4816
Website ->https://eng.thanlwinkhet.net