သံလွင်ခက်
မေ ၂၅၊ ၂၀၂၃။
ရခိုင်ပြည်နယ်အတွင်းက လေဘေးသင့် ပြည်သူများထံ ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့ရန် အခက်အခဲရှိသည်ဟုဒေသခံများနှင့် ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးရေးဂိတ်များတွင် ည ၆ နာရီခွဲအချိန်မှ စတင်ကာ ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားသဖြင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ အခက်တွေ့နေခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး ဥက္ကဌ က သံလွင်ခက်ကို ပြောသည်။
“ခုဟာက လုံးဝအဆင်မပြေတဲ့သူတွေ အများကြီး။ တစ်ချို့ရွာတွေဆို ဒီတစ်ရက်နှစ်ရက်အတွင်း အကူမရရင် ငတ်နိုင်တဲ့အနေအထားတွေရှိတယ်။ သူတို့တွေကို ကူညီနိုင်ဖို့ လမ်းတွေကပိတ်ထားတော့ အတော်အခက်ဖြစ်တာပေါ့” ဟု ၎င်းက ပြောသည်။
သဘာဝဘေးခံစားနေရသည့် ယခုကာလတွင် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ သယ်ယူသည့် ကားများကိုညအချိန်တွင်လည်း ဖြတ်သန်းသွားလာခွင့် ပေးစေချင်သည်ဟု အသက် ၃၂ နှစ်အရွယ် အခြားလူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
“ဂိတ်ပိတ်ရင် ဖြတ်မရတော့ဘူး။ ဝန်ကြီးလက်မှတ်တွေပါလည်းမရဘူး။ စစ် ကြိုက်သလောက်စစ် ပြီးရင်လွှတ်ပေးလိုက်၊ ကန့်သတ်မထားနဲ့ တစ်ရက်ဆိုလည်း တစ်ရက်သိသာတယ်” ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားလျှင် ယခင်က လမ်းခရီး၌ တစ်ညအိပ်မျှသာ ကြာသော်လည်း ယခုအခါ ကယ်ဆယ်ရေးပစ္စည်းများ သယ်ယူရန် သုံးရက်ခန့်ကြန့်ကြာလျှက် ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်ရှိ ကျေးရွာအများစုတွင် လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ထောက်ပံ့ကူညီရေးပစ္စည်းများ မရောက်ရှိနိုင်သေးဘူးဟု ကူညီကယ်ဆယ်ရေးလုပ်နေသူ စာရေးဆရာ ဝေဟင်အောင် က သံလွင်ခက်ကိုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ချိန်ထိ ရခိုင်ပြည်နယ်သို့ ဆေးဝါးများ တင်ပို့မှုကို ကန့်သတ်ထားပြီး ရက္ခိုင့်တပ်တော် AA ၏ထိန်းချုပ်နယ်မြေများသို့ ထောက်ပံ့ကယ်ဆယ်ရေးပစ္စည်းများ တင်ပို့ခြင်းကို ကန့်သတ်လျှက်ရှိသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များထံက သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၇– ၂၀၁၈ ခုနှစ်က ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားစဉ်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညအချိန် ယာဉ်များ သွားလာခြင်းကို ကန့်သတ်ခဲ့သည်။
ပုံစာ–ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီ ဂိတ်တစ်ခုမြင်ကွင်း။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1188
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4573
Website ->https://eng.thanlwinkhet.net