ယမင်းဖူးပွင့်အောင်
မေ ၁၅၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ပြည်သူများ တိမ်းရှောင်နေကြရပြီး ယခုအချိန်အထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးဟု ဒေသခံများက ပြောသည်။
ကနီဒေသတွင် မိုခါမုန်တိုင်းအရှိန်ကြောင့် လေပြင်းမုန်တိုင်းတိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းနေသည်မှာ ၂ရက်ခန့်ရှိပြီဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကနီမြို့အောက်ဘက် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ကျေးရွာအုပ်စု ၅ စုမှ ဒေသခံ ပြည်သူ တစ်သောင်းကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု ကူညီသူများထံက သိရသည်။
ယင်းမာပင်မြို့နယ် ဘန့်ဘွေးပျူစခန်းမှ ထွက်ခွာလာသောစစ်ကြောင်းသည် စစ်ကောင်စီအင်အား ၁၀၀ ခန့် ဖြင့် စစ်ကြောင်းနှစ်ကြောင်းထိုး၍ ကနီမြို့နယ် တွင်းရွာကို မေလ ၁၂ ရက်နေ့ နံနက်ပိုင်းကတည်းက စတင်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒေသခံ ၁၃၁၅၂ ဦးခန့် တိမ်းရှောင်နေကြရပြီး ယမန်နေ့ နေ့လည် ၁နာရီ ၄၀ မိနစ်တွင် သမင်ခြံရွာနှင့် မင်းမရွာအနီးသို့ ဦးတည်၍ ဂျက်ဖိုက်တာ တစ်စီးဖြင့် လေကြောင်းက ပစ်ခဲ့သည်ဟု ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစု ဦးဆောင်သူ ကိုပြည့်အောင်နိုင်က သံလွင်ခက်ကိုပြောသည်။
“မိုးထဲလေထဲမှာ ရှောင်နေရတာ။ စစ်ဘေးရှောင်ဦးရေလည်း ထပ်တိုးလာနိုင်တဲ့ အနေအထားရှိတယ်။ တည်နေရာ ၃ခုကို ဦးတည်ပြီးပစ်တာ ” ဟု ၎င်းကပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား ယမန်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက် ၃၀ ကျော် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
“တိုက်ပွဲထဲမှာ မိုးထဲလေထဲ တာဝါတိုင်ကို ကင်းသွားထောက်ရင်း အပစ်ခံရတာဆိုတော့ အပေါ်က ပြုတ်ကျပြီး ဓာတ်လိုက်တဲ့ ပုံစံမျိုးတွေ့ရတယ်” ဟုပြောသည်။
ယခုလက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းမရွာအနီးတစ်ဝိုက် အထိုင်ချတပ်စွဲထားပြီး ဘန့်ဘွေးပျူစခန်းမှ နောက်ထပ်စစ်ကြောင်းတစ်ကြောင်းလည်း ကနီမြို့နယ် လယ်ရှည်ရွာအနီးသို့ ထပ်မံရောက်ရှိနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ကနီမြို့နယ်တွင် လွန်ခဲ့သည့် မေလ ၁၂ ရက်နေ့ကလည်း အဆိုပါ စစ်ကြောင်းသည် စစ်ကြောင်းဝင်လာစဉ် တိမ်းရှောင်သည့် ကလေးငယ်နှစ်ဦးကို ပစ်ခဲ့ပြီး မေလ ၁၃ ရက်နေ့တွင် တွင်းရွာမှ အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ပုံစာ − မိုခါမုန်တိုင်းကာလအတွင်း စစ်ဘေးရှောင်ခဲ့ရသည့် ကနီဒေသခံများ။
Photo – Crd.
******************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1063
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4286
Website ->https://eng.thanlwinkhet.net