မိုခါမုန်တိုင်းဒဏ်ခံ ဒေသများအတွက် NUG က ထောက်ပံ့မည့် အမေရိကန်ဒေါ်လာတစ်သန်း (ကျပ်သိန်းသုံးသောင်းဝန်းကျင်) ဖြင့် ကူညီထောက်ပံ့မှုများ စတင်ပြုလုပ်နေပြီဟု သိရသည်။
မေလ ၁၄ နှင့် ၁၅ ရက်တို့တွင် ဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့်ခဲ့သော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ရိုဟင်ဂျာဒုက္ခသည်များစခန်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း စသည့်ဒေသများမှ မုန်တိုင်းသင့်ပြည်သူ တချို့ကို ကူညီထောက်ပံ့မှုများ စတင်ပြုလုပ်နေပြီဟု NUG လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ သိရသည်။
မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် အခြေအနေများအား မြေပြင်စာရင်းဇယားများ ကောက်ယူခြင်း၊ အပျက်အစီးများ ရှင်းလင်းခြင်း၊ ယာယီအမိုးအကာများ ဖန်တီးပေးခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ လူသားချင်းစာနာမှုအထောက်အပံ့များ ပေးခြင်းနှင့် Lifelines ပြန်လည်ချိတ်ဆက်နိုင်ရေးကိစ္စများကို ဆောင်ရွက်နေသည်ဟု NUG က ထုတ်ပြန်ထားသည်။
မုန်တိုင်းအရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးနှင့် ကူညီဆောင်ရွက်မှုများကို သက်ဆိုင်ရာ ဒေသအသီးသီးမှ တာဝန်ရှိ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိနေသော်လည်း လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများပြတ်တောက်လျက်ရှိသဖြင့် သတင်းအချက်အလက်ရရှိရန် ခက်ခဲနေပြီး လမ်းနှင့် တံတားများ ပျက်စီးမှုတို့ကြောင့်လည်း အကူအညီများ ပေးပို့ရန် ခက်ခဲနေသည်ဟု သိရသည်။
ထို့ကြောင့် NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် ယမန်နေ့ မေလ ၁၅ ရက်ထိ ကူညီပံ့ပိုးမှုများအဖြစ် ကျပ် သိန်း ၅၆၀ ကျော်ဖိုးသာ ပေးအပ်ထားနိုင်သည်ဟု ဖော်ပြထားသည်။
မြေပြင် အချက်အလက်များ ရရှိရန် ခက်ခဲသည့် အခြေအနေကြားမှ ယမန်နေ့အထိ ရရှိထားသော စာရင်းများကို NUG က ဖော်ပြထားရာ၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်၊ ရှမ်း၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးနှင့် ရန်ကုန်တို့၌ သေဆုံးသူ ၁၈ ဦး ရှိခဲ့သည်ဟု ပါရှိသည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင် အထင်ကရနေရာများဖြစ်သည့် ကျောက်တော်မဟာမြတ်မုနိဘုရား၊ စစ်တွေရှုခင်းသာလမ်းများအပါအဝင် အိမ်ခြေထောင်သောင်းကျော် ပျက်စီးပြီး စစ်ကိုင်းတိုင်းတွင် ကျေးရွာ ၃၄ ရွာမှ လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော်နှင့် မကွေးတိုင်းတွင် လူဦးရေ နှစ်ထောင့်လေးရာကျော် အရေးပေါ်ပြောင်းရွှေ့ခဲ့ရသည်ဟု ဖော်ပြထားသည်။