ကောင်းချစ်အောင်
မေ ၁၆၊ ၂၀၂၃။
မြင်းခြံမြို့နယ်၊ နယ်ခြားကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ရန်ကြိုးစားခဲ့သော်လည်း မိုးရေကြောင့် လက်လုပ်သေနတ်အများစု ပစ်မရတော့သောကြောင့် ပြန်လည်ဆုတ်ခွာလာခဲ့ရသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
နယ်ခြားကျေးရွာတွင် စစ်ကောင်စီနှင့် ပျူစောထီး ခန့်မှန်းအင်အား ၂၀ ဝန်းကျင်ခန့် တပ်စွဲနေခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များက မေလ၁၃ရက်၊ နံနက် ၃နာရီခန့်က စတင်ချဉ်းကပ်တိုက်ခိုက်ခဲ့သည်ဟု Myingyan Ranger အဖွဲ့တွင် တပ်စိတ်မှုးတာဝန်ယူထားသည့် ရဲဘော်ဗလကြီးက သံလွင်ခက်ကိုပြောသည်။
“ကျွန်တော်တို့တွေက စခန်းအခြေအထိ အရင်ဆုံး ကပ်နိုင်ခဲ့တယ်ဗျ သူတို့ရဲ့ ဘန်ကာနားရောက်မှ ကျွန်တော်တို့ဘက်ကနေ ဘန်ကာကို လက်နက်ကြီးတွေနဲ့ အလစ် စတင်တိုက်ခိုက်ခဲ့တာ”ဟု ၎င်းကဆိုသည်။
အလစ်ငိုက်တိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး လက်နက်ကြီးထိမှန်သေဆုံးပြီး ဖွဲ့စည်းပုံပျက်သွားသောကြောင့် ပြန်လည်ခုခံပစ်ခတ်မှု နည်းပါးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကဆိုသည်။
သို့သော်လည်း စခန်းပင်မဆောင်၏ ကိုက်၂၀ အကွာအထိ ချဉ်းကပ်နိုင်ခဲ့ပြီးမှ မိုးရေဝင်ထားသည့် လက်လုပ်သေနတ်အများစု ဂျမ့်ဖြစ်ကာ ပစ်ခတ်၍မရသောကြောင့် ဆက်လက်တိုက်ပွဲမဝင်နိုင်တော့ဘဲ ဆုတ်ခွာခဲ့ရသည်ဟု ရဲဘော်ဗလကြီးကဆိုသည်။
“စခန်းသိမ်းဖို့ရည်ရွယ်ချက်နဲ့တိုက်တာ စချဉ်းကပ်ကတည်းက ရာသီဥတုအရမ်းဆိုးရွာပြီး မိုးသည်းနေတာ သေနတ်အများစု ရေဝင်ပြီး ဂျမ့်ဖြစ်သွားတော့ ပစ်အားလျော့သွားတယ် အဲတော့ဆက်တက်လို့မရတော့တာ”ဟု ၎င်းကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Myingyan Ranger နှင့်အတူ PDF Taloke၊ Burmese Guerrilla Force၊ မြင်းခြံခရိုင်တပ်ရင်း၃၊ MGN 35 ပြောက်ကျားတပ်ဖွဲ့၊ MDY PDF(မန္တလေးခရိုင်တပ်ရင်း၃)၊ Mobile People Defence Force၊ Phoneix အထူးပြောက်ကျားတပ်ဖွဲ့၊ YSO-ISA၊ ကျေးရွာတပ်ပေါင်းစု-မြောင်တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1066
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4286
Website ->https://eng.thanlwinkhet.net