သံလွင်ခက်
မေ ၁၆၊ ၂၀၂၃။
မိုခါ မုန်တိုင်းကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် တည်ရှိသည့် စစ်ရှောင်စခန်းနှစ်ခုက နေအိမ်များ ပျက်စီးသွားသည်ဟု စစ်ရှောင်တာဝန်ခံများက ပြောသည်။
မေလ ၁၄ ရက်နေ့ညက တိုက်သည့် မိုခါကြောင့် မဂါ့ယန် (Maga yang) စစ်ရှောင်စခန်းက နေအိမ် ၁၈ လုံးအပါအဝင် မီးဖိုချောင် အလုံး ၂၀ နှင့် အိမ်သာ အလုံး ၂၀ ခန့် ပျက်စီးခဲ့သည်။
၅ နာရီခန့်ကြာ တိုက်ခိုက်ခဲ့သည့် အဆိုပါ မုန်တိုင်းကြောင့် ရှအစ်ယန် (Sha-it yang) စစ်ရှောင်စခန်းက လူနေအိမ် ၂၀ လုံးအပါအဝင် မူလတန်းကျောင်းနှင့် ဆေးရုံမှ ခေါင်မိုးသွတ်များလည်း ပျက်စီးသွားသည်ဟု အဆိုပါ စစ်ရှောင်စခန်းတာဝန်ခံက သံလွင်ခက်ကို ပြောသည်။
“အိမ်ထောင်စု ၂၀ လောက် အများကြီးပျက်စီးသွားတယ်။ သုံးထပ်သား၊ သွပ်ဖြူ၊ မိုးကာတွေ လိုတာပေါ့။ မူလတန်းကျောင်းအတွက်ကတော့ ကိုးထပ်သားတွေ လိုတယ်။ အိမ်တွေအတွက်တော့ သုံးထပ်သားတွေ လိုတယ်” ဟု ၎င်းကပြောသည်။
ရှအစ်ယန် (Sha-it yang) စစ်ရှောင်စခန်းနှင့် မဂါ့ယန် (Maga yang) စစ်ရှောင်စခန်းတို့သည် ကချင်ပြည်နယ်နှင့် တရုတ်ပြည်နယ်စပ်တွင် တည်ရှိပြီး ရှအစ်ယန်စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၄၃ စုရှိပြီး လူဦးရေ ၁၄၈၀ ကျော် နေထိုင်လျှက်ရှိသည်။
ရှအစ်ယန်စစ်ရှောင်စခန်းသည် ဝိုင်းမော်မြို့နယ် ပါဂျောင်ကျေးရွာအနီးတွင် တည်ရှိပြီး ၂၀၁၁ ခုနှစ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ တစ်ကျော့ပြန် တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့နယ် ဆမ်ပိုင်ကျေးရွာ၊ အောင်ဂျာကျေးရွာ၊ ဆွတ်ခေါင်ကျေးရွာ အပါအဝင် ဒိန်ဂါကျေးရွာနှင့် အနီးနားက ကျေးရွာ ၂၀ ခန့်က စစ်ဘေးရှောင်များဖြစ်သည်။
ပုံစာ-ပျက်စီးသွားသည့်စစ်ဘေးရှောင်စခန်းမှနေအိမ်များမြင်ကွင်း။
Photo-CJ
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1068
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4286
Website ->https://eng.thanlwinkhet.net