သဇင်
မေ ၁၆၊၂၀၂၃။
စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေး မီးဘေးနှင့် သဘာဝဘေးသင့် ပြည်သူများအတွက် Solar Power Station-SPS ကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
Solar Power Stationကို ပြီးခဲ့သည့် ဧပြီလအစပိုင်းက စတင်ထုတ်လုပ်ခဲ့ရာ ဧပြီလကုန်ပိုင်းတွင် စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
SPS စနစ်သည် လျှပ်စစ်နှင့် အားပြန်သွင်းစရာမလိုသည့် သဘာဝနေရောင်ခြည်နှင့် အားပြန်သွင်းသည့် ပုံစံမျိုးဖြစ်သည်ဟု တီထွင်ဖန်တီးသူများက ရှင်းပြသည်။
” ကျွန်တော်တို့သုံးတဲ့ဆိုလာပြားက နေရောင်ရယ်လို့သိပ် မလိုဘူးဗျ။အလင်းရောင်ရတာနဲ့အားဝင်တယ်။မနက်ရှစ်နာရီလောက်ကနေ ညနေအထိအားသွင်းထားမယ်ဆိုရင် တစ်ညလုံးသုံး တစ်နေ့ခင်းလုံး သုံးလို့ရတယ်။အားသွင်းမယ့်ရာခိုင်နှုန်းနဲ့နေရောင်ခြည်မရှိမယ့်အချိန် သိုလှောင်နိုင်အားက ညတစ်ညထက်ကိုကျော်တယ်။၂၄နာရီမီးလင်းရေးပုံစံမျိုးဒီဇိုင်းစွဲပြီးထုတ်ထားတာ။ဆိုလာကလဲ အော်တိုပြတ်တောက်စနစ်ကိုသုံးထားတဲ့အတွက် ဘေးလဲကင်းသလို ပစ္စည်းဆုံးရှုံးမှုလည်းမရှိဘူး”ဟု တီထွင်သူတစ်ဦးက ပြောသည်။
ယခုလအတွင်း Solar Power Stationကို (၁၀၀)လုံး ထုတ်လုပ်ပေးနိုင်ရန် စီစဉ်ထားပြီး လတ်တလောတွင် အလုံး(၃၀)ကို စမ်းသပ်ထုတ်လုပ်ထားသည်ဟု S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က သံလွင်ခက်ကို ပြောသည်။
” အခုကျွန်တော်တို့ကိုယ်တိုင်စမ်းသပ်အသုံးပြုတဲ့အချိန်မှာ ဖုန်းအားသွင်းလို့ရမယ်။ မီးသုံးလုံးထွန်းလို့ရပါမယ်။ အခုအလုံးသုံးဆယ်ထုတ်ပြီးပါပြီ။ ကျွန်တော်တို့တပ်ဆင်ပေးမယ့် နေရာတွေက အရင်ကလည်းမီးမရှိဘူး အခုလည်းမရှိသေးတဲ့ ဒေသမျိုးတွေက မီးဘေးသင့်နေတဲ့ သက်ကြီးရွယ်အိုရှိတဲ့အိမ် နာမကျန်းရောဂါရှိတဲ့အိမ် ကျောင်းသားရှိတဲ့အိမ်တွေကို အဓိကတပ်ဆင်ပေးဖို့ရည်ရွယ်ထားပါတယ်။”ဟု ဆိုသည်။
Solar Power Stationကို စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်၊ဆားလင်းကြီးမြို့နယ်ရှိ မီးမရရှိသည့်ဒေသများမှ စစ်ဘေး၊မီးဘေးသင့် ပြည်သူများ အသုံးပြုနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားပြီး အရေးပေါ် မီး နှင့် ဖုန်းအားသွင်းရန် ၂၄ နာရီ ကြာ အသုံးပြုနိင်မည် ဟု၎င်းကဆက်ပြောသည်။
Solar Power Stationမှ ထုတ်ပေးနိုင်သည့် မီးသုံးစွဲနိုင်သည့် ပမာဏမှာ Watt ၂၀၀ ခန့်သာရှိပြီး မီးထွန်းရန်၊ဖုန်းသုံးရန်နှင့် ပန်ကာအသေးစား အသုံးပြုခြင်းတို့ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ကိုစိုးမိုးအောင် “ ဒီ Solar Power Station ထုတ်လုပ်တဲ့အခါမှာ အဓိက ဆိုလာအခြေခံစနစ် အသုံးပြုထားပြီး မီးဝင်အား ၊ထွက်အားနှစ်ခုကို အချိုးကျ တွက်ချက်ပြီးစမ်းသပ်ခဲ့ရတာပေါ့နော်၊ ဒီ ဆိုလာတစ်ချပ်နဲ့ မီးလင်းအားနဲ့ တစ်ရက်ကို အားပြန်ဝင်နိုင်မယ့်အား မီးလင်းမယ့်အား မီးသုံးမယ့်အား အဲ့တာတွေကို အချိုးကျတွက်ချက်ပြီး လည်ပတ်မှုရှိအောင် အချိန်ယူပြီး ထုတ်လုပ်ခဲ့ရတယ်”ဟု ပြောသည်။
ထို့ပြင် စစ်ဘေးရှောင်များ လုံခြုံသည့် အမိုးအကာအောက်တွင် နေနိုင်ရန်အတွက် S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ယာယီနေအိမ်များလည်းဆောက်လုပ်ပေးနေသည် ဟု သိရသည်။
အာဏာသိမ်းသည့်ချိန်မှ ၂၀၂၃ ဖေဖော်ဝါရီလထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် စစ်ကိုင်းတိုင်းတွင် နေအိမ် ၄၇၇၇၈ လုံး ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု Data for Myanmarက ထုတ်ပြန်ထားသည်။
ပုံစာ – စမ်းသပ်ထုတ်လုပ်ပြီးသော Solar Power Station များ။
Photo – S&Cစစ်ဘေး၊ မီးဘေး ပညာရေးကူညီစောင့်ရှောင်ရေးအဖွဲ့။
******************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1067
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4286
Website ->https://eng.thanlwinkhet.net