သံလွင်ခက်
မေ ၁၆ ၊ ၂၀၂၃ ။
မိုခါဆိုင်ကလုန်းမုန်တိုင်း မဝင်ရောက်မီရက်ပိုင်းအတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်း၏ မီးရှို့ဖျက်ဆီးခြင်းကိုခံလိုက်ရသည့် ခင်ဦးဒေသခံ ၂၀၀၀ ကျော်တို့သည် မုန်တိုင်းကာလပြီးသည်အထိ နေရပ်မပြန်နိုင်သေးဘဲ နေစရာနှင့် စားစရာများအရေးပေါ်လိုအပ်နေသည်ဟု ကူညီပေးနေသူများထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အနောက်ဘက် ရှိ ကျေးရွာများ ဖြစ်သော ကဘွက်ကျေးရွာ၊ကုတ္တက်ကျေးရွာ၊ ရုံးပင်ကျေးရွာ ၊ သင်ပေါင်းကျေးရွာ၊သရက်ကုန်းကျေးရွာ၊တောင်ဘို့ရေကျေးရွာ စသည့်ကျေးရွာ ၆ ရှိနေအိမ်များအား စစ်ကောင်စီတပ်စစ်ကြောင်းက မုန်တိုင်းမလာမီရက်ပိုင်းအတွင်း၌ စစ်ကြောင်းထိုး၍မီးရှို့ဖျက်ဆီးခဲ့သည်။
ဧရာဝတီမြစ်အရှေ့ဘက် မှ သင်္ဘောများဖြင့်ကူးလာသည့် အင်အား၂၀၀ကျော်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းက မေလ၇ရက်မှ ၁၂ရက်ထိ ခင်ဦးကျေးရွာ ၆ရွာကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့၍ နေအိမ်၂၀၀ကျော်အား မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်ကောင်စီတပ်စစ်ကြောင်း၏မီးရှို့ဖျက်ဆီးမှုကြောင့် ကဘွတ်ကျေးရွာမှ နေအိမ် ၁၅၀ လုံး၊ ကုတ္တက်ကျေးရွာမှ နေအိမ် ၃၀လုံး၊ ရုံးပင် ကျေးရွာမှ နေအိမ် ၂၄အိမ် လုံး၊ သင်ပေါင်းကျေးရွာမှ နေအိမ် ၁၂ လုံး၊ သရက်ကုန်း ကျေးရွာမှ နေအိမ် ၁၂ လုံးနှင့် တောင်ဘို့ရေကျေးရွာမှ နေပိမ် ၂ လုံးတို့ မီးလောင်ပြာကျခဲ့သည်။
အဆိုပါကျေးရွာများမှ ဒေသခံ ၂၀၀၀ ကျော်သည်မုန်တိုင်းဝင်ရောက်ပြီးသည်အထိ နေရပ်ကို မပြန်နိုင်ကြသေးဘဲ စားနပ်ရိက္ခာနှင့် နေစရာအခက်အခဲများ အရေးပေါ်လိုအပ်လျက် ရှိနေသည်ဟု မီးဘေးသင့်စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ခင်ဦးမြို့နယ်ငတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့တွင်ဖော်ပြထားသည်။
ခင်ဦးမြို့နယ်တွင် ကျေးရွာပေါင်း ၇၄ ရွာမှ နေအိမ် ၅၀၀၀ ခန့်အထိမီးရှို့ဖျက်ဆီးခံထားရပြီး လက်ရှိချိန်ထိ နေရာစရာများ မစီစဉ်ပေးထားနိုင်သောကြောင့် မုန်တိုင်းကြောင့် မိုးရွာသွန်းခဲ့ချိန်၌ စစ်ဘေးရှောင်များ၏ ယာယီတဲများမှာ ပျက်စီးခဲ့ရပြီး လာမည့်မိုးရာသီအမီ
ပြင်ဆင်ပေးနိုင်ရန် ပြင်ပမှအကူအညီများစွာ လိုအပ်နေသည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေတာဝန်ခံ ကိုနေသူရိန်က သံလွင်ခက်ကို ပြောသည်။
ခင်ဦးမြို့နယ်တွင် မီးဘေးသင့် အိမ်ခြေ ၅၀၀၀ ခန့်မှ လူဦးရေ နှစ်သောင်းကျော်တို့သည် နေအိမ်များနှင့် စားနပ်ရိက္ခာများ လိုအပ်နေသည့်အခြေအနေ၌ မုန်တိုင်းကြောင့် ကျေးရွာ ၄၉ရွာမှ နွေရာသီ ယာသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ ငရုပ် အပြင် ဂန္တမာပန်း ခင်းများအပါအဝင် စိုက်ဧက တစ်သောင်း ကျော် ရေနစ်မြှပ်ပျက်စီးခဲ့ရသည်။
ထို့ပြင် ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသည့် ခင်ဦး-ရေဦး နယ် မူးမြစ်ကူးတံတား စစ်ရှောင်တံတားတစ်ခုလည်းပျက်စီးသွားသည်ဟု သိရသည်။
ပုံစာ-မိုခါမုန်းတိုင်းအပြီး နေရပ်မပြန်နိုင်သေးသည့် ခင်ဦးနယ် ဒေသခံများနှင့် ရေကြီးရေလျှံမှုများ။
ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
******************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1074
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4286
Website ->https://eng.thanlwinkhet.net