သံလွင်ခက်
မေ ၁၇၊ ၂၀၂၃။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးကို စစ်ကောင်စီလေတပ်က ယနေ့နံနက်အစောပိုင်းတွင် လေယာဥ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
မြဝတီမြို့အနီး၌ KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများ နေရာယူထားသည့် ကျောက်တောင်တစ်ဝိုက်ကို လာရောက် ဗုံးကြဲ တိုက်ခိုက်ခြင်းဖြစ်သည်ဟု PDF ရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“မနက် ၃ နာရီခွဲလောက် ကျွန်တော်တို့ဘက် လာကြဲတာ။ ဘယ်နေရာတွေကျလဲတော့ မသိဘူး။ အကုန် ဘေးကင်းတယ်။ မိုးရွာနေတော့ အခြားထိခိုက်ပျက်စီးတာတွေ မသိရသေးဘူး” ဟု မြဝတီမြို့အနီး၌ ရောက်ရှိနေသည့် PDF ရဲဘော်တစ်ဦးက ပြောသည်။
ထိုသို့ စစ်ကောင်စီက ယနေ့နံနက်အစောပိုင်းတွင် ကျောက်တောင်ဘက်ကို လေယာဥ်ဖြင့် သုံးခေါက် လာရောက် ဗုံးကြဲသွားခြင်းကို KNLA တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် မြဝတီမြို့ခံ တစ်ဦးကလည်း သံလွင်ခက်ကို အတည်ပြုပြောသည်။
မြဝတီမြို့နယ် လက်ခတ်တောင်နှင့် ကျောက်မိုင်းဒေသတို့တွင် စစ်ကောင်စီ၏ ခမရ (၁၁၈)၊ လ (၈)၊ ခလရ (၂၇၅) နှင့် BGF (၁၀၁၉) တပ်ရင်းတို့ စစ်ကြောင်းထိုးလာသောကြောင့် တပ်မဟာ (၆)၊ KNU/KNLA၊ ကော်ဘရာစစ်ကြောင်း (၁)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle စသည့် ပူးပေါင်းတပ်ဖွဲ့များနှင့် မေလ ၁၁ ရက်မှ ၁၅ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်ဘက်မှ ၁၁ ဦးသေဆုံး၍ ၃၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။ ပူးပေါင်းစစ်ကြောင်းဘက်မှ ရဲဘော် တစ်ဦးကျဆုံး၍ ရဲဘော် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကရင်ပြည်နယ်၊ မြဝတီမြို့ ကုန်သွယ်ရေးဇုန်တွင် ပြီးခဲ့သော မတ်လ ၂၅ ရက်က တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ပြီးနောက် ပူးပေါင်းစစ်ကြောင်းများသည် မြဝတီမြို့အနီးနေရာများကို ဖြန့်ကျက်၍ စစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြသည်။
ထို့ကြောင့် ပြီးခဲ့သော ဧပြီလအတွင်း၌လည်း မြဝတီမြို့အနီးတွင် ပြင်းထန်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်တို့ဘက်မှ ၇၅ ဦး သေဆုံးခဲ့သည်ဟု ပူးပေါင်းစစ်ကြောင်းများက ထုတ်ပြန်ထားသည်။
ပုံစာ-ယခုလ ဒုတိယအပတ်အတွင်း၌ မြဝတီမြို့အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့မှု။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1086
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4286
Website ->https://eng.thanlwinkhet.net