ကောင်းချစ်အောင်
မေ ၁၇ ၊ ၂၀၂၃ ။
မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းရွာများမှ မီးဘေးသင့်ပြည်သူများ ယာယီစစ်ဘေးရှောင်နေသည့်နေရာရှိ တဲအိမ်များ မိုခါမုန်တိုင်းဒဏ်ကြောင့် ရာချီ ပျက်စီးခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကူညီပေးနေရသည်ဟု သိရသည်။
အဆိုပါယာယီစစ်ဘေးရှောင်နေသည့်နေရာတွင် မီးဘေးသင့် ပြည်သူ ၅၀၀ဦးခန့်တိမ်းရှောင်နေကြပြီး တဲအိမ်၁၀၀ခန့် ချောင်းရေတက်လာမှုကြောင့်ပျက်စီးသွားခဲ့သည်။
တဲအိမ်များအပျက်အစီးရှင်းလင်းရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို ကာကွယ်ရေးရဲဘော်များက ကူညီလုပ်ဆောင်ပေးလျက်ရှိသည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF ပြောရေးဆိုခွင့်ရှိသူ ရဲဘော်လွန်းညီက သံလွင်ခက်ကိုပြောသည်။
“ရွာလုံးကျွတ်မီးရှို့ခံရတဲ့ပြည်သူတွေပါ။ စစ်ရှောင်နေရတာ လေးလ ကျော် ငါးလလောက်ရှိပြီ ။ ရွာထဲလည်းပြန်မဝင်ရဲတော့ ဘေးလွတ်ရာတောတွေထဲနေနေကြရတာ ခုမိုခါနဲ့ ရေဘေးထပ်ကြုံရတာ “ဟု ၎င်းကဆိုသည်။
ချောင်းရေတက်လာမှုကြောင့် တဲအိမ်များပျက်စီးခဲ့ရသည့်အပြင် စစ်ဘေးရှောင် ရိက္ခာအတွက်စုဆောင်းထားသည့် ကြက်သွန်၊နှမ်း၊မြေပဲ၊ စပါးများလည်း ကာလတန်ဖိုး သိန်းရာချီဂဏန်းဖိုးထိ ပျက်စီးဆုံးရှုံးသွားရသည်ဟု သိရသည်။
လက်ရှိတွင် ချောင်းနားနီးသည့် မီးဘေးသင့် စစ်ဘေးရှောင်များကို ကုန်းမြင့်ပိုင်းသို့ ရွှေ့ပြောင်းပေးနေပြီး တဲအိမ်များပြန်လည်တည်ဆောက်ရေးအတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေသည်ဟု ရဲဘော်လွန်းညီကဆိုသည်။
“ကနဦးမှာတော့ ရဲဘော်တွေက လုပ်အားနဲ့ ကယ်ဆယ်ရေးတွေ ပြန်လည်နေရာချထားရေးတွေလုပ်ပေးနေတယ် ပြန်လည်တည်ဆောက်ရေးအတွက်ကတော့ ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်”ဟု ဆိုသည်။
မိုခါမုန်တိုင်းဒဏ်ကြောင့် မကွေးတိုင်း ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များတွင် စိုက်ပျိုးမြေ ၁၆၇ ဧကကျော် ရေလွှမ်းမိုးခြင်းခံခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUGက ထုတ်ပြန်ထားသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်နယ်နှင့်တိုင်းများအတွက် အရေးပေါ်ကူညီမှုများပြုလုပ်နိုင်ရန် အမေရိကန်ဒေါ်လာတစ်သန်း (ကျပ် သိန်းသုံးသောင်း ဝန်းကျင်)ထောက်ပံ့သွားမည်ဟု NUG လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန မေလ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။
လက်ရှိတွင် ပေါက်မြို့နယ်မြောက်ပိုင်းရှိ မီးဘေးသင့်ပြည်သူများ၏ ယာယီတဲအိမ်များပြန်လည်တည်ဆောင်ရန်အတွက် ကူညီထောင်ပံ့ပေးသည့်အဖွဲ့များမရှိသေးဘဲ ပြည်သူ့ကာကွယ်ရေးရဲဘော်များက နီးစပ်ရာအဖွဲ့များထံ အကူအညီတောင်းခံနေရသည်ဟု သိရသည်။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1089
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4286
Website ->https://eng.thanlwinkhet.net