သံလွင်ခက်။
ဧပြီ ၂၈၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဗိုလ်ကြီးတစ်ဦး ဧပြီလ ၂၆ ရက်နေ့က ကျဆုံးခဲ့သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
အဆိုပါ ဗိုလ်ကြီးနှင့် ရဲဘော်တစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရှေ့တန်းသို့ ကင်းစခန်းသွားချစဉ် သေနတ်ပစ်ခံရပြီး ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ခိုင်လုံသည့် ရှေ့တန်းရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“နယ်မြေမကျွမ်းကျင်တော့ လမ်းမှားပြီး စစ်ကောင်စီတွေ ရှိတဲ့ဘက် ဆိုင်ကယ်မောင်းဝင်သွားမိတာ၊ သူ့ကိုတော့အဲ့မှာပဲ ပစ်ပြီး မီးရှို့ခဲ့တာ။ သူနဲ့အတူ ဆိုင်ကယ်စီးတဲ့တစ်ယောက်ကိုတော့ မီးမရှို့ဘဲ သူနဲ့ မီတာ ၃၀ လောက်ဝေးတဲ့နေရာမှာ သေဆုံးနေတယ်” ဟု ၎င်းက ပြောသည်။
ဗိုလ်ကြီးသည် အသက် ၃၁ နှစ်အရွယ် ဗိုလ်ကြီး ဇော်ဆိုင်း ဖြစ်ပြီး ကလေးနှစ်ဦးဖခင်ဖြစ်ကာ သေဆုံးမှုဖြစ်စဉ်ကိုအသေးစိတ်မသိရသေးသော်လည်း သေဆုံးကြောင်း အတည်ပြုနိုင်သည်ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးကသံလွင်ခက်ကို ပြောသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားဖြည့် စစ်ရေးလှုပ်ရှားနေပြီးKIA / PDF ဗိုလ်ကြီးနှင့် ရဲဘော်တစ်ဦးအပါအဝင် ရဲဘော် ခုနှစ်ဦး အပစ်ခံရပြီးသေဆုံးသည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြထားသော်လည်း သံလွင်ခက်က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/874
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3937
Website ->https://eng.thanlwinkhet.net