ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် မိုးဗြဲတို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံး၍ လက်နက်ခဲယမ်းများစွာသိမ်းဆည်းရမိခဲ့သည်ဟု ယနေ့တွင် KNDFက ထုတ်ပြန်သည်။
ပြီးခဲ့သည့်ရက်ပိုင်း ဧပြီလ ၂၆ရက် နံနက်ပိုင်းတွင်မိုးဗြဲမြို့ ၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀) တပ်ရင်းတပ်ဖွဲ့များအား KNDF B/03 ၊ KNDF B/01 ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်းအမှတ် (၁၀၀၁)နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
နံနက် ၆နာရီမှ ၁၀နာရီထိ ကြာမြင့်ခဲ့သည့် မိုးဗြဲမြို့ထိတွေ့တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးသေဆုံးကာ (၂)ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး MA – 1 (၄) လက်၊ MA -2 (၄) လက်၊ MA -3 (၂) လက်၊ MA-4 (၁) လက်၊ RPG-7 (၁) လက်၊ (၆၀) မမပြောင်းတို (၂ )ပြောင်း သိမ်းဆည်းရရှိခဲ့သည်။
အလားတူ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အစပ်ရှိ မြောက်စလုံးကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား ဧပြီလ ၂၄ရက် နံနက်ပိုင်းတွင် ကရင်နီပူးပေါင်းတပ်များသွားတိုက်ခိုက်ခဲ့ရာ တစ်နေကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့သည်။
ထိုတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံး၍ MA-1 (၃)လက် ၊ MA-2 (၃)လက် ၊ MA-3 (၂)လက် ၊ MA-4 ၇၉တွဲ (၁)လက် ၊ MG-3 (၁)လက် ၊ RPG 7 (၁)လက် ၊ 60MM စိန်ပြောင်း (၁)လက် ၊ ဆက်သွယ်ရေးစက် (၂)လုံး နှင့် ဆက်စပ် ခဲယမ်း မီးကျောက်များ၊ အသုံးအဆောင်များအား သိမ်းဆည်းရရှိခဲ့သည်ဟု KNDF ကဖော်ပြထားသည်။
မြောက်စလုံးကျေးရွာတိုက်ပွဲ၌ စစ်ကောင်စီတပ်များကို KA ၊ KNDF B/11 ၊ KNDF B/22 ၊KNDF B/03 ၊ KNDF ဗျူဟာ (၅) ၊ KNDF UAV ၊ PNDF-KK ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်း ( ၂) ၊ ကရင်နီတပ်ပေါင်းစု၊ KGZ ၊ KRU နှင့် URF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မိုးဗြဲ၊ ဖယ်ခုံနှင့်ပင်လောင်မြို့နယ်အစပ်တိုက်ပွဲတို့၌ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြိမ်ရေများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းမှလည်း လာရောက်တိုက်ခိုက်ခဲ့သည်။ မိုးဗြဲတိုက်ပွဲ၌ ကရင်နီပူးပေါင်းတပ်မှ ကျဆုံးမှုမရှိခဲ့သော်လည်း ဖယ်ခုံနှင်ပင်လောင်းနယ်စပ် တိုက်ပွဲတွင် KNDF B/11 မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ်အစပ်၌ ဧပြီလ ၂၄ရက် တိုက်ပွဲအပြီး ဧပြီလ ၂၅ရက်မှစ၍ စစ်ကောင်စီတပ်ဖွဲ့များက မြောက်စလုံးကျေးရွာ မှ တောင်မဲသင်းကျေးရွာဖက်သို့ ဆုပ်ခွာ၍ တပ်စွဲထားခဲ့သော်လည်း လက်ရှိချိန်ထိ တပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား စစ်ရေး တင်းမာနေဆဲဖြစ်သည်ဟု KNDF ကထုတ်ပြန်ထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/866
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3917
Website ->https://eng.thanlwinkhet.net