သံလွင်ခက်
ဧပြီ ၂၇ ၊ ၂၀၂၃ ။
ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့နယ်ရှိ တလန်လိုရွာကို စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၂ဦးထက်မနည်း သေဆုံးနိုင်သည်ဟု ဒေသခံများထံမှသိရသည်။
ယနေ့ နေ့လည် ၃နာရီခွဲကျော်အချိန်၌ နေပြည်တော်မှတက်လာသည့် ဂျက်ဖိုက်တာတိုက်လေယာဥ်တစ်စီးကမကွေးတိုင်းပေါက်မြို့နယ်ကိုဖြတ်ပြီးနောက် CNA စခန်းအနီးရှိ တလန်လိုရွာကိုဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် တလန်လိုရွာ Presbyterian ဘုရားကျောင်းနှင့် နှစ်ခြင်းဘုရားကျောင်းအကြားတွင်ပေါက်ကွဲခဲ့ပြီးပြည်သူ၂ဦးသေဆုံးခဲ့သည်ဟု ကနဦးသိရှိရသည်။
ထန်တလန်မြို့နယ်၊ CNA ဌာနချုပ်အနီးရှိ တလန်လိုကျေးရွာထဲကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၂ဦး သေဆုံးကြောင်း ကနဦးသတင်း ရရှိသည်ဟု ဒေသခံသတင်း The Chin Journalက ဖော်ပြထားသည်။
ထိုလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ CNA ပြောခွင့်ရ ဆလိုင်းထက်နီထံ သံလွင်ခက်က ညနေ၄နာရီခန့်အချိန်၌ ဆက်သွယ်မေးမြန်းထားရာ လက်တလောတွင်ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ချင်းပြည်နယ်တွင် ယခုနှစ်စပိုင်းမှစ၍စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေခဲ့ရာဇန်နဝါရီလ ဒုတိယအပတ်တွင်း၌ CNA ဌာနချုပ်လေကြောင်းတိုက်ခိုက်ခံရမှု၌ CNA တပ်ဖွဲ့ဝင်၅ဦး ကျဆုံးခဲ့ရသည်။
ယခုလအတွင်း၌လည်း အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေရာ ဧပြီလ၁၀ရက်တွင် ဖလမ်းမြို့နယ် ဝေဘူလမြို့ ဗုံးကြဲခံရမှု၌ ပြည်သူ၉ ဦးသေဆုံး၍ လဧပြီ ၁၆ ရက်တွင် မင်းတပ်မြို့နယ်၊ ပန်းပါကျေးရွာကို ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံး ၁၇လုံးကြဲခဲ့မှုကြောင့် ၄နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးခဲ့သည်။
ဓာတ်ပုံ-The Chin Journal
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/858
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3897
Website ->https://eng.thanlwinkhet.net