သဇင်
ဧပြီ ၂၂၊ ၂၀၂၃။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ခက်သင်ကျေးရွာတွင် စစ်ကောင်စီအင်အား (၁၀၀)ခန့် တပ်ဆွဲကာ ဒေသခံ ပြည်သူများအား တစ်ယောက်မကျန် ဖုန်းဆင်းကဒ်များဖြုတ်ခိုင်းခဲ့ပြီး နေအိမ်များကို မီးရှို့ခဲ့သည်ဟု ဒေသခံများကပြောသည်။
ဧပြီလ၂၀ ရက် နေ့လည် ၂ နာရီခန့်တွင် ခက်သင်ရွာရှိ ဘုန်းကြီးကျောင်းတွင် ကျေးရွာနေ ပြည်သူများအား ဖုန်းများကိုစစ်ဆေးပြီး ဖုန်းအတွင်း နိုင်ငံရေးနှင့်ပတ်သတ်သည့်အကြောင်းအရာများတွေ့ရှိသူများကို ဖမ်းဆီးသွားသည် ဟု အသက် (၃၀)အရွယ်ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ဖုန်းတွေစစ်တော့ စစ်ကြောင်းလာပြီဆိုပြီး တစ်ယောက်နဲ့တစ်ယောက်ဖုန်းဆက်အသိပေးကြတာကို ရွာသားတယောက်က ဖုန်းအသံယူထားမိတာ။ပြီးတော့ ဖုန်းထဲမှာ နိုင်ငံရေးဓာတ်ပုံတွေ့လို့ဆိုပြီး ၃ ယောက်လောက်ကို ဖမ်းသွားတာ“ဟု ၎င်းကပြောသည်။
ထို့ပြင် ခက်သင်ကျေးရွာမှအသက်(၂၀)အရွယ် ဆယ်တန်းကျောင်းသူ သေနတ်ထိမှန်သေဆုံးခဲ့ကာ နေအိမ်(၆၀၀)ကျော်ရှိသည့်အနက် (၂၅၀) နီးပါးမီးလောင်ကျွမ်းခဲ့သည်ဟု ဒေသခံများကပြောသည်။
ဧပြီလ၂၀ရက်နေ့ မနက်အစောပိုင်းက ခက်သင်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)နှစ်ဦးသေဆုံးခဲ့သည့်အတွက် လက်တုံ့ပြန်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။
လက်တလောတွင် ကျေးရွာနေပြည်သူများမှာ ခက်သင်ကျေးရွာဘုန်းကြီးကျောင်းတွင် နေထိုင်နေကြပြီး ထိုဖြစ်ရပ်မျိုးထပ်ဖြစ်မည်ကို ကြောက်ရွံ့နေကြသည်ဟု ကူညီသူများကပြောသည်။
အဆိုပါစစ်ကြောင်းသည် ခက်သင်ရွာနှင့် တစ်မိုင်ခန့် ကွာဝေးသော ဘုံသာကုန်းကျေးရွာရှိ နေအိမ်များမှ ရွှေငွေများကိုလည်း ယူသွားပြီး ဧပြီလ ၂၀ရက် ညနေ ၅ နာရီခန့်တွင် စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာဘက်ကို ပြန်လည်ထွက်ခွာသွားသည်ဟု ဒေသခံများကပြောသည်။
ပုံစာ–မီးလောင်ကျွမ်းခဲ့သည့် ခက်သင်ရွာမြင်ကွင်း။
Photo-Crd
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/770
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3740
Website ->https://eng.thanlwinkhet.net