နန်းဆုပန်ခန့်
မတ်လ ၂၈၊ ၂၀၂၃။
ကရင်ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းက ပလောတပို့စစ်ရှောင်စခန်းက ကွန်ပျူတာသင်တန်းတွင် စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်ဟု သင်ကြားရေးဆရာများထံက သိရသည်။
ကွန်ပျူတာသင်တန်းကို ယခု မတ်လ ၂၀ ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး သင်ပေးနေသည့် ဆရာ၊ဆရာမ ၃ ဦးရှိကာ သင်တန်းသူ စုစုပေါင်း ၃၁ ဦးရှိသည်ဟု သင်ကြားရေး ဆရာတစ်ဦးကပြောသည်။
ပလောတပို့စစ်ရှာင်စခန်းရှိ စစ်ရှောင်ကလေးငယ်များသည် ကိုဗစ်ကာလအပြင် တစ်နှစ်ကျော် ကြာစစ်ရှောင်နေရသည့်အတွက် ကွန်ပျူတာ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်သည်ဟု ဦးဆောင်သူများကပြောသည်။
ကွန်ပျူတာသင်တန်းဖွင့်လှစ်သင်ကြားနေသည့် ဦးဆောင်သူတစ်ဦးက “ ကလေးတွေက ကိုဗစ်ကာလရယ်၊ စစ်ရှောင်ကာလရယ်ဆိုလို့ရှိရင် အတန်းပညာလည်းမတက်ရဘူး။ အသက်အရွယ်ကကြီးလာပြီး အတန်းပညာတက်ဖို့မဖြစ်နိုင်တဲ့အခြေအနေမှာဒီကွန်ပျူတာပညာလေး တတ်အောင်ဆိုပြီးတော့ ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်“ဟုပြောသည်။
အဆိုပါ စစ်ရှောင်စခန်းတွင် လျှပ်စစ်မီးမရှိသောကြောင့် မီးစက်နိုးပြီးသင်ကြားရသည့်အတွက် စက်သုံးဆီများလိုအပ်နေသည်ဟု ဦးဆောင်သူများကပြောသည်။
“ မီးမရှိတဲ့အတွက် မီးစက်နိုးဖို့ဆီဖိုးမရှိတာ။ ဆီအတွက်လည်းအခက်အခဲဖြစ်တယ်။ ဒါပေမယ့် ဟိုနည်းနည်းဒီနည်းနည်းစုပြီးတော့ ဆီတစ်ပေပါ ဝယ်လိုက်တယ်။ ဆီဖိုးကိုတော့ တစ်ဝက်ချေထားတယ်။ တစ်ဝက်မချေရသေးဘူး”ဟု သင်ကြားရေးဆရာမတစ်ဦးက ပြောသည်။ စစ်ရှောင်စခန်းအတွင်းနေထိုင်သည့်ကလေးများအနေဖြင့်ပညာရပ်တစ်ခုကို သင်ကြား၊သင်ယူနေသည့်အခါ စိတ်လေလွင့်မှုကိုနည်းစေသည်ဟု ဆရာတစ်ဦးက ပြောသည်။
“အထက်တန်းရောက်တဲ့အခါ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာက မဖြစ်မနေသင်ရတဲ့ ဘာသာရပ်တွေဖြစ်တယ်။ အဲ့ဒါကြောင့်မို့ကျွန်တော်တို့က သူတို့ကိုဒီကွန်ပျူတာသင်တန်းကို ပေးတတ်စေချင်တယ်။ ကွန်ပျူတာသင်တန်းဖွင့်ပေးခြင်းအားဖြင့် ကလေးတွေရဲ့စိတ်တွေလည်း လေလွင့်သွားတာမျိုးမရှိဘဲပညာရေးနဲ့နီးစပ်သွားတယ်။ ဆက်ပြီးတော့ကြိုးစားချင်တဲ့စိတ်လည်း ဖြစ်ပေါ်လာစေတယ်” ဟု ၎င်းကပြောသည်။
အဆိုပါစစ်ရှောင်စခန်းတွင် လက်မှုပညာဖြစ်သည့် သိုးမွေးထိုး၊ ကရင်ရိုးရာဂျက်ခုတ်သင်တန်းများကိုလည်းသင်ကြားပေးလျှက်ရှိသည်။
Photo-CJ
ပုံစာ– ကွန်ပျူတာသင်တန်း တက်ရောက်နေသည့် စစ်ရှောင်ကလေးများ မြင်ကွင်း။