သံလွင်ခက်။
မတ် ၂၇ ၊ ၂၀၂၃။
နိုင်ငံတစ်ဝန်း ခုခံစစ် အားကောင်းလာချိန် ထိန်းချုပ်ရခက်နေသည့် အခြေနေတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တော်လှန်ရေး အင်အားစုများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဟုပြောဆိုခဲ့သည်။
ယနေ့ မတ်လ ၂၇ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
” တပ်မတော်အနေနဲ့ အစိုးရက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရက်နဲ့အညီ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများ၏လူမှု စီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှုအပြည့်ဝရရှိစေရန် လေးနက်လုပ်ဆောင်သွားမှာဖြစ်တယ်။ အဲ့လိုလုပ်ဆောင်ရာမှာ NUG နဲ့ အကြမ်းဖက် အဖွဲ့စည်းတွေ ၎င်းတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့စည်းတွေကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ် ” ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေး အင်အားစုများ၏ လုပ်ဆောင်ချက်များသည် စစ်ခေါင်းဆောင်အတွက် သာမာန်အခြေအနေ ပြန်ရောက်ရန် ခဲယဉ်းသည့်အတွက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောသည်။
” တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့်မို့ သာမာန်အခြေနေမဖြစ်ဘူးလို့ သူတို့ ယူဆပုံရတယ်။ အဲ့ယူဆချက်အပေါ်မှာ မူတည်ပြီးတော့ သာမာန်အခြေနေရောက်ဖို့အတွက် အဲ့လို လုပ်ဆောင်နေတဲ့ အဖွဲ့စည်းတွေအကုန်လုံးကို ရှင်းလင်းဖို့လိုအပ်တယ်လို့ သူအနေနဲ့ ယုံကြည်ပုံရတယ်။ အဲ့တာတွေကြောင့် ဒီဟာတွေပဲ ပြောနေတာလို့ နားလည်ပါတယ် ” ဟု ဆိုသည်။
ပြီးခဲ့သည့် နှစ် ၇၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းတွင်လည်း စစ်ခေါင်းဆောင်က အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့ကို ထောက်ခံပံ့ပိုးနေသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမည်မဟုတ်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်းသည်အထိ နှိမ်နင်းမည်ဟု ပြောကြားခဲ့ဖူးသည်။
စစ်ခေါင်းဆောင်းက တော်လှန်အင်အားစုများကို အရေးယူမည်ဟု နှစ်စဉ်ပြောဆိုသော်လည်း ၎င်း၏ ပြောဆိုချက်အတိုင်း မြေပြင်တွင် ဆောင်ရွက်နိုင်ခြင်းမရှိဟု CDM လေတပ်အရာရှိ ဗိုလ်ကြီးဇေသူအောင်က ပြောသည်။
၎င်းက ” ဒါကတော့ စစ်တပ်က သူ့လူတွေကို ပြန်စည်းရုံးတဲ့ သဘောပါပဲ။ သူ့လူတွေကို သူစည်းရုံးတယ်ဆိုတာကပြတ်ပြတ်သားလုပ်စေချင်တယ်ဆိုပြီး သူကို ထောက်ခံတဲ့သူတွေက သူ့ကို အမြဲအဆက်မပြတ်ပြောနေတယ်။ သူကလည်း အဲ့အပေါ်မှာ လုပ်နေတယ်ဆိုတာမျိုးကို ပြန်ပြီးတော့ ပြောတဲ့သဘောပါပဲ။ တကယ်တမ်းကြတော့ သူမှာနေရာပေါင်းစုံ တပ်ပေါင်းစုံကနေ ဒေသပေါင်းစုံမှာ သူတို့ ဆောင်ရွက်နိုင်တဲ့အနေထားသူတို့ဆီမှာ အခုချိန်ထိမရှိသေးပါဘူး “ဟု ဆိုသည်။
၂၀၂၁ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စုဆောင်းရရှိထားသော အချက်အလက်များအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စစ်ကောင်စီတပ်သား (၁၄၈၉၀)ဦး သေဆုံးခဲ့ပြီး (၄၈၁၄)ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ပုံစာ – ၇၈ နှစ်ပြည့် တပ်မတော်နေ့အခမ်းနားတွင် တွေ့ရသည့် အာဏာသိမ်း စစ်ခေါင်းဆောင်