ယမင်းဖူးပွင့်အောင်
မတ် ၂၆၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စတင်စစ်ကြောင်းထိုးဝင်ရောက်လာသည့် မတ်လ ၁၃ရက်နေ့မှ ယနေ့အထိ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထိတွေ့တိုက်ပွဲများဖော်ဆောင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား မတ်လအတွင်း ထိတွေ့တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦးသေဆုံးခဲ့သည်ဟု မြောင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ CDSOM အဖွဲ့ခေါင်းဆောင် ကိုနွေဦးက ပြောသည်။
“စဝင်လာကတည်းက မိုင်းဆွဲတာနဲ့ ပြောက်ကျား တိုက်ခဲ့တာပါ” ဟု ကိုနွေဦးကပြောသည်။
မြောင်မြို့နယ်တွင် မတ်လ ၁၅ ရက်၊ ၁၆ ရက်နှင့် ၂၁ ရက်နေ့များတွင် တိုက်ပွဲဖော်ဆောင်မှုများရှိခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နှင့်ချီ သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ယမန်နေ့ နံနက် ဆယ်နာရီခန့်တွင်တစ်ကြိမ်၊ နေ့လည် ၁၂နာရီခွဲခန့်တွင်တစ်ကြိမ် ဖြစ်ပွါးခဲ့သည့် တိုက်ပွဲနှစ်ကြိမ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးခန့်သေဆုံးခဲ့သည်ဟု ကိုနွေဦးမြောင်က ပြောသည်။
“ကျွန်တော်တို့ ဆင်ထားတဲ့ မိုင်းတွေကို ဖြုတ်ဖို့ ထိုင်နေကြတုန်း တိုက်ခဲ့တာပါ” ဟု ၎င်းကပြောသည်။
အဆိုပါ တိုက်ပွဲဖော်ဆောင်မှုများ ကို မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့– CDSOM အပါအဝင်ကန္တာရသိန်းငှက်၊ BLOOD BROTHER –MUA ၊စစ်ကိုင်းခရိုင်တပ်ရင်း ၁၊ တပ်ခွဲ ၃ ၊ စော်ဘွားကြီး၊ One PDF ၊ ဒီမိုပြောက်ကျား ၊ Myaung Union Army-MUA ၊TGR၊ Young Fighter People’s Defence Force ၊ ဗိုလ်တောက်ထွန်းအဖွဲ နှင့် ဗိုလ်နေတိုးအဖွဲ့တို့က ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
Photo Crd –မြောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မြင်ကွင်း။