သဇင်
မတ် ၂၅၊ ၂၀၂၃။
မြန်မာ ရွှေ့ပြောင်းလုပ်သားများ ထပ်ခေါ်ရန် ထိုင်းအာဏာပိုင်များက စီစဉ်နေသည်ဟု ထိုင်းအခြေစိုက် မီဒီယာများက ဖော်ပြသည်။
ထိုင်းနိုင်ငံတွင် အခြေခံလုပ်သားလိုအပ်မှုကြောင့် အလုပ်အကိုင်ရှာဖွေရေးညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများတွေ့ဆုံ ဆွေးနွေးကာ အလုပ်သမားသစ်များ ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။
မတ်လ ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် လာအို ၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ဗီယက်နမ် လေးနိုင်ငံမှ အလုပ်သမားသစ် ထပ်မံလက်ခံမည်ဟု ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာနကအတည်ပြုထားသည်။
တရားမဝင်ဝင်ရောက်လုပ်ကိုင်နေသည့် အလုပ်သမားအရေး စီမံခန့်ခွဲရန်နှင့် လုပ်သားသစ်ထပ်မံခေါ်ယူရန်ဆွေးနွေးထားသည်ဟု ထိုင်းရွှေ့ပြောင်းမြန်မာအလုပ်သမားအရေးကူညီသူ Migrants Monitoring Group-MMG တာဝန်ခံ ဦးအောင်မြတ်က ပြောသည်။
“အလုပ်သမားဝန်ကြီးဌာနက တရားဝင်စာထုတ်ထားတာမျိုးတော့မရှိသေးဘူး။အခြေခံလုပ်သားတွေအတွက်အောက်ခြေသိမ်းလုပ်ရမယ့် အလုပ်တွေအတွက်ခေါ်တာပါ ။ တကယ်လို့ အလုပ်လျှောက်မယ်ဆိုရင်တော့ အဲ့ဒီအလုပ်တွေကို တကယ်ရော လုပ်နိုင်လားဆိုတာ သေချာစဉ်းစားဖို့လိုပါတယ်“ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံတွင် လတ်တလောရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားများစွာရှိသည့်အတွက် အလုပ်လျှောက်ထားသည့်အခါ သေချာစီစစ်ရန် လိုအပ်သည်ဟု အလုပ်သမားအရေးကူညီသူများက ပြောသည်။
ဦးအောင်မြတ်က “အလုပ်လျှောက်တဲ့ခါမှာတော့ ကိုယ့်လျှောက်မယ့်အေဂျင်စီက အတုလား၊အစစ်လားဆိုတာကိုစုံစမ်းဖို့လိုပါတယ်။ပိုက်ဆံချေပြီးရင်လဲ ချေပြီးကြောင်း မှတ်တမ်းဓာတ်ပုံရအောင်ရိုက်ထားပါ။ဒါမှသာ နောက်ဖြစ်လာမယ့် ပြဿနာတွေကို ဖြေရှင်းလို့ရမှာ ဖြစ်တယ်“ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်ကိုင်နေသည့် အလုပ်သမားလေးသန်းခန့်ရှိပြီး အဆိုပါ အရေတွက်တွင်အထောက်အထားမရှိသည့် အလုပ်သမားများလည်းပါဝင်သည်။
ပုံစာ–ထိုင်းအာဏာပိုင်းများ အလုပ်သမားသစ်ခေါ်ယူရန် ဆွေးနွေးနေသည့်မြင်ကွင်း။
Photo-MT