မတ် ၂၅ ၊ ၂၀၂၃ ။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိဒေါတမကြီးကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအားထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အရာရှိများအပါအဝင် ၉၀ ဦးကျော်သေဆုံးပြီးလက်နက်၊ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်ဟု KNDFက ယနေ့တွင်သတင်းထုတ်ပြန်သည်။
ကရင်နီပြည်နယ် ၊ ဘောလခဲမြို့ မှ ဒီးမော့ဆိုမြို့နယ် ၊ ဒေါညင်းခူ ကျေးရွာဖက်သို့ မတ်လ ၈ရက်တွင် စစ်ကြောင်း၃ကြောင်း အင်အား ၃၃၀ဦးခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းအား ကရင်နီပူးပေါင်းတပ်များကခုခံတိုက်ခိုက်နေရာ နေ့စဥ်တိုက်ပွဲပြင်းထန်ခဲ့သည်။
စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းဖြစ်သည့် ခလရ (၁၂) ၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တပ်ရင်းများ မှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာမျာထဲသို့ စတင်ထိုးစစ်ဆင်ဝင်ရောက်လာချိန်တွင်ကရင်နီတပ်မတော် KA ၊ KNDF/B (10) ၊ KNDF/B (15) ၊ ဘောလခဲ PDF တို့ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့သည်။
ဒေါတမကြီးကျေရွာထဲဝင်ရောက်တပ်စွဲထားသည့်စစ်ကောင်စီတပ်များကို KA ၊ KNDF /B (10) ၊ KNDF/B (15) ၊KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်း၍ မတ်လ ၂၀ရက်မှ ၂၃ရက်အထိ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်ဘက်မှ အရာရှိများအပါအဝင် ၉၀ဦးကျော် သေဆုံးကာ ၅၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့ပြင်စစ်ကောင်စီတပ်များထံမှ MA-1 (၁၀)လက် ၊ MA-2 (၁၀)လက် ၊ MA-3 (၁၀)လက် ၊ MA-4 79တွဲ (၁)လက် ၊9MM ပစ္စတို (၅)လက် ၊ RPG (၂)လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ၊ မိုင်းရှာစက် (၁)လုံး ၊ ဆက်သွယ်ရေးစက်များ ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာ များ ၊ ဖုန်းများ ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ ၊ အသုံးအဆောင်ပစ္စည်းတို့ကို ကရင်နီပူးပေါင်းတပ်များက သိမ်းဆည်းရမိခဲ့သည်။
စစ်ကောင်စီတပ် စစ်ကြောင်း ထိုးဝင်ရောက်လာချိန်မှစ၍ ယနေ့ထိ ခုခံတိုက်ခိုက်ခဲ့ရာတွင် KNDF မှ ရဲဘော် ၂ဦး ၊KA မှရဲဘော် ၂ဦး ၊ နေပြည်တော် PDF မှ ရဲဘော် ၁ဦးတို့ ကျဆုံးခဲ့သည်။
မတ်လ ၉ရက်မှစ၍ ယနေ့ထိဖြစ်ပွားနေဆဲ ဖြစ်သော ဒေါတမကြီး ၊ ဒေါဆိုဖျ ၊ ဒေါညင်းခူ တိုက်ပွဲများအတွင်း စစ်ကောင်စီမှ အထိနာ၍ ဘောလခဲ ၊ ဖရူဆို အခြေစိုက်တပ်များဖက်မှ နေ့စဥ် လက်နက်ကြီးများ ပစ်ကူခဲ့သည့်အပြင်ဂျက်လေယာဥ် ၊ ရဟတ်ယဥ် များဖြင့်လည်း နေ့စဥ်နီးပါး လာရောက်ပစ်ခက် တိုက်ခိုက်လျှက်ရှိပြီး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်။
စစ်ကောင်စီ၏ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာများရှိဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ပြီး စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု ၊ လက်နက်ကြီး ထိမှန်မှုအပြင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ မှ မီးရှို့မှုများကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့သည်။
ထိတွေ့တိုက်ပွဲများ ပြင်ထန်နေပြီး ခုခံစစ်မှ ထိုးစစ်ဆင်နိုင်သည့် တိုက်ပွဲများအား အရှိန်ကောင်းကောင်းဖြင့် ဖော်ဆောင်နိုင်ရန် ခဲယမ်းမီးကျောက်များ ဖြည့်တင်းရန် လိုအပ်နေသောကြောင့် ပြည်တွင်း ၊ပြည်ပမှထောက်ပို့ မိဘပြည်သူများအနေဖြင့် အလေးနက် ထား အကူအညီပေးကြရန် KNDF မှတောင်းဆိုထားသည်။