အာဏာသိမ်းစစ်ခေါင်းဆောင် မုံရွာမြို့ရှိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ) သို့ ရောက်ရှိနေချိန်တွင်လက်နက်ကြီးပစ်ခတ်မှုများဆောင်ရွက်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
ယမန်နေ့နေ့လည် ၂နာရီခန့်မှစ၍ နမခဌာနချုပ်ရှိ ဂိတ်များကို ၆၀ မမဖြင့် လေးချက်၊ ၁၂၀ မမဖြင့် လေးချက်စုစုပေါင်းရှစ်ချက်ပစ်ခဲ့သည်ဟု Chindwin Attack Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
၎င်းက “ပစ်ခတ်ချိန်က မိနစ်သုံးဆယ်လောက်ကြာတယ် ၊မင်းအောင်လှိုင်ရောက်နေတာသိလို့ အကြောက်တရားထည့်ချင်လို့သွားပစ်တာ“ဟု ဆိုသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို မွန်းလွဲပိုင်းတွင် သွားရောက်ခဲ့ပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်ဟု သိရသည်။
စစ်ခေါင်းဆောင် ရောက်ရှိနေသောကြောင့် နမခဌာနချုပ်တွင် လုံခြုံရေးအင်အားတင်းကြပ်ထားသည့်ကြားမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ဓာတုလက်နက်ဟုယူဆရသောလက်နက်နှစ်လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု CAF ပြန်ကြားရေးတာဝန်ခံကပြောသည်။
“လက်နက်ကျည်ကျလာပြီး gas တွေထွက်လာတာ အရင်တခါကလည်းခံဖူးတယ် အဲgasတွေရှူမိရင် မူးဝေတာတွေဖြစ်တယ် ၊။ ဒါကြောင့်တန်းဆုတ်လာတာ“ဟု ၎င်းကဆိုသည်။
မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်သည် စစ်အုပ်ချုပ်ရေးကြေညာထားသည့် စစ်ကိုင်းတိုင်းရှိ၁၄ မြို့နယ်၊ မကွေးတိုင်းရှိ ၅ မြို့နယ်နှင့် ချင်းပြည်နယ်ရှိ ၇ မြို့နယ်ကို တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်နေခြင်းဖြစ်သည်။
Video Crd