ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ကေအဲန်ယူမူတြော်ခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ်၅တပ်မဟာတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ကြား ယခုလဝက်အတွင်းတိုက်ပွဲ ၇၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု မူတြော်သတင်းကယနေ့တွင်ထုတ်ပြန်သည်။
မတ်လ တစ်ရက်မှ ၁၅ ရက်နေ့အထိ KNLA နှင့် စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်းစစ်ကောင်စီဘက်မှ ဒုဗိုလ်နှင့် ဒုအရာခံဗိုလ်အပါအဝင် ၃၁ ဦးသေဆုံးခဲ့ပြီး ၂၁ ဦးဒဏ်ရာရကာ KNLA အမှတ် ၅ ဘက်မှ တစ်ဦးဒဏ်ရာရခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ်၅ တပ်မဟာဘက်မှ စစ်ကောင်စီ၏ ကားသုံးစီးနှင့်ဆိုင်ကယ်တစ်စီးဖျက်ဆီးနိုင်ခဲ့သည်ဟု မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရသိရသည်။
တိုက်ပွဲများအပြင် မြေပြင်အတွင်းလှုပ်ရှားနေသည့်စစ်ကောင်စီတပ်၏ခြေလျင်တပ်ရင်းများသည် ဒေသခံများ၏စိုက်ပျိုးလယ်ယာမြေနှင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် အလုံး ၂၀ ပစ်ချခဲ့သည်။
ထိုသို့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။
ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံးတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအရေအတွက်၏ တစ်ဝက်ကျော်အရေအတွက်ထိဖြစ်ပွားခဲ့သည့် ကေအဲန်ယူတပ်မဟာ ၅ နယ်မြေတွင် ယခုနှစ်အပိုင်း ဇန်နဝါရီနှင့်ဖေဖော်ဝါရီလအတွင်းတို့၌ တိုက်ပွဲပေါင်း ၃၈၇ ကြိမ်ဖြစ်ပွားခဲ့သည်။
ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်း၌ ပြီးခဲ့သော ဇန်နဝါရီလတွင် တိုက်ပွဲ ၂၀၉ ကြိမ်နှင့် ဖေဖော်ဝါရီလအတွင်း၌တိုက်ပွဲ ၁၇၈ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ၅ မူတြော်သတင်းစဥ်ကဖော်ပြထားသည် ။
အဆိုပါနှစ်လတာအတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၆ ဦးသေဆုံး၍ ၁၀၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ပြီးခဲ့သောဖေဖော်ဝါရီလတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၉ ဦးသေဆုံးခဲ့ရာတွင် ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့်ဒု–တပ်ကြပ်တစ်ဦးပါဝင်ခဲ့သည်။
တိုက်ပွဲများတောက်လျောက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာနေသောကြောင့် ကေအဲန်ယူတပ်မဟာ ၅ အတွင်းကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခဲ့သည်။
ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း၌ လေကြောင်းတိုက်ခိုက်မှု ၃၁ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးဆံ ၁၉၈ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁၇ ဦးသေဆုံး၍ ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုအရေအတွက်သည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်တစ်နှစ်တာလုံး၌ ပြုလုပ်သောလေကြောင်းတိုက်ခိုက်မှု၏ အရေအတွက်နီးပါးရှိခဲ့သည်။
ပြီးခဲ့သည့်တစ်နှစ်တာလုံးတွင် ကေအဲန်ယူတပ်မဟာ၅ နယ်မြေအတွင်းကို လေကြောင်းတိုက်ခိုက်မှု ၃၅ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးဆံ ၁၈၂ လုံး ကြဲချခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၄၁ ဦးသေဆုံး၍ ၉၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကေအဲန်ယူတပ်မဟာ ၅ နယ်မြေအတွင်း၌ ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင် တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀၇ ဦးသေဆုံး၍ ၉၇၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ပုံစာ–ပြီးခဲ့သောဇန်နဝါရီလတွင် ကေအဲန်ယူတပ်မဟာ၅နယ်မြေ၌ တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်မှုကြောင့် ပြည်သူများသေဆုံးမှုနှင့်ပျက်စီးမှုများ။