မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်အတွင်းကို စစ်ကောင်စီတပ်ယာဥ်တန်းစစ်ကြောင်းများဖြတ်သန်းစဥ် ပြည်သူ ၄ ဦးသတ်ဖြတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
ရှေ့ပြေးအင်အား ၂၀၀ ဦးခန့် လက်နက်၊ခဲယမ်းများတင်ဆောင်လာသော ကား ၃၂စီးပေါ်ပါ အင်အား ၂၀၀ ဦးကျော် စုစုပေါင်း အင်အား ၄၀၀ ဦးကျော်ရှိသော စစ်ကောင်စီတပ်ယာဥ်တန်းသည် ကျောက်ထု–ထီးလင်း–ဂန့်ဂေါလမ်းကြောင်းအတိုင်း ယခုလ တတိယအပတ်တွင်း၌ ဖြတ်သန်းသွားခဲ့သည်။
” ၁၅ ရက်နေ့ကနေ ယာဥ်တန်း၃၂ စီးနဲ့စထွက်လာတာပေါ့နော်။ ကားလမ်းဘေးမှာရှိတဲ့ ရွှေခုံတိုင်ကျေးရွာမှာ လူနေအိမ်၈လုံးမီးရှို့သွားတယ်။ မီးရှို့သွားတဲ့အထဲမှာ အသက်၈၀လောက်ရှိတဲ့ မျက်မမြင်အဖွားကို အရှင်လတ်လတ်မီးရှို့သွားတယ် “ဟု YRA ခေါင်းဆောင်သခင်ဇော်ကပြောသည်။
စစ်ကောင်စီတပ်ယာဥ်တန်းလာချိန်တွင် ရွှေခုံတိုင်ရွာ၌ ဒေသခံပြည်သူများရွာလုံးကျွတ်အရေးပေါ်ထွက်ပြေးကြရပြီး မျက်မမြင်အဖွားအား သယ်ယူရန်မလွယ်သည့်အခြေအနေနှင့် သက်ကြီးအဖွားအား အန္တရာယ်မပြုနိုင်ဟုယူဆချက်များဖြင့် ထားခဲ့ရခြင်းဖြစ်သည်ဟု ရွာခံများ၏ပြောပြချက်အရသိရသည်။
အဆိုပါစစ်ကောင်စီတပ်ယာဥ်တန်းသည် ရွှေခုံတိုင်ကျေးရွာတွင် မတ်လ ၁၅ရက် ညနေပိုင်းမှ မတ်လ၁၆ရက်ညနေပိုင်းအထိ တစ်ရက်အကြာ စခန်းချနေသွားခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
” ရွှေခုံတိုင်ရွာပြီး ရှေ့ဆက်ပြီးတော့ ထိန်တိုင်းကျေးရွာမှာလည်း ပြည်သူအမျိုးသားနှစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီးဓားနဲ့ထိုး၊သေနတ်နဲ့ပစ်ပြီးသတ်သွားတာရှိတယ်” ထီးလင်းမြို့နယ်ကာကွယ်တပ်YRA ခေါင်းဆောင် သခင်ဇော်ကပြောသည်။
ရွှေခုံတိုင်ရွာနှင့် ထိန်တိုင်းရွာတို့တွင်ပြည်သူသုံးဦးကိုသတ်ဖြတ်ခဲ့သည့်စစ်ကောင်စီတက်ယာဥ်တန်းစစ်ကြောင်းသည် ဆယ်တန်းကျောင်းသားမောင်ပြည့်ဖြိုးကျော်အား သတ်ဖြတ်ခဲ့သည်ဟု သိရသည်။
လက်ပြန်ကြိုးတုပ်လျက်ဦးခေါင်းပွင့်ထွက်ဒဏ်ရာများဖြင့်သေဆုံးနေသော မောင်ပြည့်ဖြိုးကျော်၏ရုပ်အလောင်းကို ယမန်နေ့မတ်လ ၁၉ရက်တွင် ထီးလင်း–ရေမျက်နီကားလမ်းမကြီး၏ဘေးတွင်တွေ့ရှိခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
လက်ရှိတွင်အဆိုပါစစ်ကြောင်းသည် ထီးလင်းမြို့နယ်မှ ဂန့်ဂေါမြို့နယ်အတွင်းရောက်ရှိနေပြီး ယနေ့နံနက်ပိုင်းတွင်တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ထီးလင်းမြို့နယ်အတွင်းဖြတ်သန်းခဲ့သွားခဲ့သော စစ်ကောင်စီတပ်ယာဥ်တန်းစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်များနှင့်မဟာမိတ်ပူးပေါင်းတပ်များက ၅ ကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးကျော်ထိခိုက်သေဆုံးနိုင်သည်ဟု သခင်ဇော်ကပြောသည်။
ထီးလင်းမြို့နယ်အတွင်းထိတွေ့တိုက်ပွဲများ၌ YRA တပ်မှ ရဲဘော်သုံးဦးဒဏ်ရာရရှိ၍ တပ်ခွဲမှူးတစ်ဦးကျဆုံးခဲ့သည်ဟု သိရသည်။