ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ နေပြည်တော် PDF လက်နက်ကြီးအဖွဲ့မှ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊အောင်နန်းချိုရွာ အနီးရှိ ခမရ(၆၀၄) တပ်ရင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် NUG ကာကွယ်ရေးဝန်းကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါ ခမရ ၆၀၄ တပ်ရင်း နေပြည်တော် PDF လက်နက်ကြီးအဖွဲ့က မတ်လ ၁၃ရက်၊ ည၇နာရီခန့်တွင့်လက်နက်ကြီး၄လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ခမရ(၆၀၄) တပ်ရင်းသည် ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ လိပ်သိုဗျုဟာတွင် စစ်ရေးလှုပ်ရှားနေသောတပ်ရင်းတခုဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) က ခမရ(၆၀၄) တပ်ရင်း၏ နောက်တန်းပင်မအထိုင်စခန်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
လက်နက်ကြီး(၄) လုံးအနက် (၁) လုံးမှာ စစ်တပ်၏ စစ်တန်းလျားသို့ တိုက်ရိုက်ထိမှန်ခဲ့ပြီး (၁)လုံးမှာလက်နက်တိုက်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကာ ကျန်(၂) လုံးမှာ တပ်ရင်းအနီးပတ်ဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။
လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုအပြီးတွင် အာဏာသိမ်းစစ်တပ်မှ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲသည်။
လက်နက်ကြီးဖြင့် တိုက်ခိုက်ပြီးချိန်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။