စစ်ကိုင်းတိုင်း ကနီမြို့နယ်မှ အလယ်ကျွန်း ပျူရွာကို နွားလှည်းငါးစီးဖြင့် ရိက္ခာလာပို့သည့် အင်အား ၈၀ ကျော်ပါသည့်စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယနေ့နံနက် ၇နာရီ၄၅မိနစ်ခန့်တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အပြန်အလည်ပစ်ခတ်မှု တစ်နာရီကျော်ကြာမြင့်ခဲ့သည်ဟု အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် DRPA ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
” ကျွန်တော်တို့က သတင်းကြိုရလို့ အပိုင်ကိုစောင့်ပစ်တာ ၉နာရီဝန်းကျင်လောက်မှာပြီးသွားတယ်“ဟု ၎င်းကဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား နှစ်ဦး သေပြီး အရပ်ဝတ်နှင့် ပျူစောထီးတစ်ဦး ပေါင်ထိပြီး ဒဏ်ရာစိုးရိမ်ရသည်ဟု သိရသည်။
“ရိက္ခာလာပို့တဲ့ လှည်းငါးစီး ၃စီးကိုနေရာတင်ထားခဲ့ပြီး ၂စီးပဲ အလယ်ကျွန်းရွာထဲဝင်သွားနိုင်ခဲ့တယ် “ဟုပြန်ကြားရေးတာဝန်ခံကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို DRPA၊ ကျောက်လုံးကြီးတပ်မဟာ KLG ၊ K1နှင့် ခရိုင်တပ်ရင်း၂တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။