စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဆိပ်ခွန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်နေသည်ဟု ဒေသခံများထံမှသိရသည်။
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ မှ တက်လာသည့် Mi35 တိုက်ခိုက်ရေးရဟတ်ဖြင့်ယနေ့နေ့လည်ပိုင်းတွင် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
” လွန်ခဲ့တဲ့ နာရီဝက်လောက်က လာရောက်တိုက်နေတာ။ ဆိပ်ခွန်ပတ်ပတ်လည်ကိုဝဲနေတယ် အခုချိန်ထိပြန်မသွားသေဘူး “ဟု ၎င်းက နေ့လည် ၂နာရီခွဲခန့်တွင်ပြောသည်။
ဆိပ်ခွန်ရွာတွင် စစ်ကောင်စီတပ်အထိုင်စခန်းရှိပြီး ယနေ့နံနက်ပိုင်းတွင် ထိုစခန်းအား ကာကွယ်ရေးမဟာမိတ်တပ်များပူးပေါင်း၍ သွားရောက်တိုက်ခဲ့သည်ဟု ရွှေဘိုခရိုင် ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးက ပြောသည်။
” မနက်ပိုင်းကတော့ ဆိပ်ခွန်စခန်းကို စခန်းသိမ်းပုံစံဖော်ဆောင်ပြီးတိုက်ခိုက်တာရှိတယ်လို့သိရတယ်။ ဒါကျွန်တော်အတည်ပြုသိရတဲ့ သတင်းပေါ့နော်။ စခန်းသိမ်းနိုင်မသိမ်းနိုင်တော့ အသေးစိတ်မသိရသေးဘူး “ဟု ၎င်းကပြောသည်။
ဆိပ်ခွန်ရွာသည် ရွှေဘိုမြို့နှင့်နီးပြီးဆိုင်ကယ်ဖြင့်သွားလျှင် နာရီဝက်ခန့်သာသွားရကြောင်းနှင့် ရွှေဘိုတပ်ထဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆိပ်ခွန်ဘက်ကို သွားနေကြသည်ဟုလည်း ဒေသခံတစ်ဦးကပြော သည်။
ဆိပ်ခွန်ရှိစစ်ကောင်စီစခန်းသည် လက်ရှိအာဏာသိမ်းကာလအတွင်း၌ အကာအကွယ်များနှင့်အင်အားများဖြည့်တင်း၍ အခိုင်အမာတပ်စွဲထားသည့်စခန်းတစ်ခုဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။