ရှမ်း–ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းသို့စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်စစ်ကြောင်းကိုကာကွယ်ရေးမဟာမိတ်တပ်များပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများခဲ့သည်ဟုသိရသည်။
ဖယ်ခုံမြို့နယ်ခေါင်းအိကျေးရွာအုပ်စုဘက်သို့စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ကာကွယ်ရေးတပ်များကခုခံတိုက်ခိုက်ခဲ့ရာ မတ်လ ၈ရက်မှ ယမန်နေ့မတ်လ ၁၆ရက်ထိ တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့သည်။
အဆိုပါ ၉ ရက်တာတိုက်ပွဲအတွင်း၌စစ်ကောင်စီတပ်ဘက်မှ အရာရှိများအပါအဝင် ၄၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်ဟု ဖယ်ခုံPDFက သတင်းထုတ်ပြန်သည်။ ထိုတိုက်ပွဲများအတွင်း၌စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများနှင့် လက်နက်ကြီးပစ်ကူများအကြိမ်ကြိမ်ပေးခဲ့သည်။ တိုက်ပွဲအတွင်း၌ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဝင်များဘက်မှ ရဲဘော် ၁၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ထိုတိုက်ပွဲများတွင် စစ်ကောင်စီတပ်များကို ဖယ်ခုံ PDF – Pekhon (1002) ၊KNDF၊ KA၊ DMO – Local PDF၊ PDF မိုးဗြဲ (1001)၊ 1004 ၊1008 ၊ 1005 ၊ SSNRUတို့၏တပ်ရင်းတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။