ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း၌တိုက်ပွဲများပြင်းထန်နေမှုနှင့် ချင်းတောင်တန်းဘက်စစ်အင်အားတိုးချဲ့လာမှုကြောင့် လမ်းမကြီးသုံးခုအား အသုံးမပြုကြရန် မတူပီ CDF က ယနေ့နံနက်ပိုင်းတွင်ထုတ်ပြန်သည်။
ပြီးခဲ့သော ဖေဖော်ဝါရီလမှစ၍ ချင်းပြည်နယ်၊ မတူပီမြို့၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုများကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိသည်။
စစ်ကောင်စီတပ်များသည် ထယ်ဘွေးတပ်စခန်းမှမတူပီမြို့ပေါ်သို့ မတူပီ–ပလက်ဝလမ်းအတိုင်းပြန်လည်ထွက်ခွာပြီးဖြစ်ရာ မတူပီ–ပလက်ဝလမ်းနှင့် မတူပီ–ဘွေရားလမ်းများကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ ခွင့်ပြုချက်မပါဘဲ အသုံးမပြုကြရန်သတိပေးထားသည်။
ထို့ပြင်စစ်ကောင်စီတပ်သည် မကွေးတိုင်းဒေသကြီး ပခုက္ကူဘက်မှ ချင်းတောင်ဘက်သို့ ယာဥ်တန်း ၈၀စီးဖြင့်ထွက်ခွာလာသောကြောင့် မင်းတပ်–မတူပီလမ်းကြောင်းကို အသုံးမပြုရန် မတူပီCDFက သတိပေးထားသည်။
အဆိုပါ စစ်ကောင်စီတပ်ယာဥ်တန်းသည် မတ်လ ၁၃ရက်တွင် ကျောက်ထုအမြောက်ထဲဝင်သွားပြီး ယမန်နေ့ညနေပိုင်းတွင် စစ်ကားတချို့ ထီးလင်းဘက်ထွက်သွားသည်ဟု ကျောက်ထု PDF တာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“ ထွက်စရာကနှစ်ကြောင်းတော့ရှိတာပေါ့ ။ မင်းတပ်–မတူပီ ဘက်ကိုရယ်။ ကျောက်ထု–ထီးလင်း– ဂန့်ဂေါ်ဘက်ကိုပေါ့။ မနေ့ညနေ၃နာရီခွဲလောက်မှာစစ်ကားတချို့ထီးလင်းဘက်ထွက်တယ်။ ကျန်တာကတော့ ကျောက်ထုတပ်ထဲမှာပဲရှိသေးတယ် ” ဟု ဂန့်ဂေါ်ခရိုင်တပ်ရင်း၈ ကျောက်ထုPDF တပ်ရင်းတာဝန်ခံဗိုလ်ရန်ကင်းက သံလွင်ခက်ကိုပြောသည်။
ကျောက်ထုအမြောက်တပ်ထဲဝင်သွားသည့် ယာဥ်တန်း ၈၀ စီးအနက် ၃၂ စီးသည် ယမန်နေ့ညနေပိုင်း၌ ထီးလင်းဘက်ထွက်ခွာခဲ့ရာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့မိုင်းဆွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ကာကွယ်ရေးတပ်ဖွဲ့များကြားဖြတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး ယာဥ်တန်းမှာလည်းယနေ့နံနက်ပိုင်း ၉ နာရီကျော်အချိန်မှ ထီးလင်းကိုရောက်ရှိခဲ့သည်ဟု ဗိုလ်ရန်ကင်းကပြောသည်။
အဆိုပါစစ်ကောင်စီတပ်ယာဥ်တန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားများအပြင် ရိက္ခာ၊ လက်နက်များနှင့်မိသားစုများ ပါလာသောကြောင့် တပ်ပြောင်းရွေ့သည့်အခြေအနေဖြစ်နိုင်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက ခန့်မှန်းပြောဆိုသည်။
ပခုက္ကူဘက်မှလာသောစစ်ယာဥ်တန်းများသည် မင်းတပ်–မတူပီလမ်းကိုဖြတ်၍ ချင်းတောင်ဘက်သို့တက်ရောက်လေ့ရှိသောကြောင့် မင်းတပ်CDF ကလည်း မတ်လ ၁၃ ရက်ကတည်းက မင်းတပ်–မတူပီလမ်းကို ပြည်သူများအသုံးမပြုရန် သတိပေးထားသည်။
စစ်ကောင်စီတပ်များသည် ယာဥ်တန်းများမဖြတ်သန်းမီ လမ်းကြောင်းတစ်လျောက်ကင်းပုန်းများဝပ်ခြင်းနှင့်လမ်းကြောင်းရှင်းခြင်းများကို ကြိုတင်ပြုလုပ်လေ့ရှိရာ မတ်လ ၁၃ ရက် ညပိုင်းနှင့် ယမန်နေ့တို့၌ စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်အတွင်းကို တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်နှင့် လက်နက်ကြီးများဖြင့်အကြိမ်ကြိမ်ပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်နေခဲ့သည်။
မင်းတပ်မြို့နယ်အတွင်း၌ လေကြောင်းမှတိုက်ခိုက်ခံရမှုနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများညအချိန်မတော်ထွက်ပြေးတိမ်းရှောင်ကြရပြီး ဖုန်းလိုင်းဖြတ်တောက်ထားခံရသည့်အခြေအနေကြောင့် ထိခိုက်ပျက်စီးမှုများကို သံလွင်ခက်မှ ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။
မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က ယခုနှစ်စပိုင်းမှစ၍ ဖုန်းလိုင်းများကိုဖြတ်တောက်ထားပြီး လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေခဲ့ရာ ပြီးခဲ့သောဇန်နဝါရီလတွင် မင်းတပ် CDF စခန်း၊ စစ်ရှောင်စခန်းနှင့်လူနေအိမ်များ ထိခိုက်ပျက်စီးပြီး ပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။
ပုံစာ–ယခုနှစ်ဇန်နဝါရီလတွင် မင်းတပ် CDF တပ်စခန်းငယ်တစ်ခု တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးမှုများ။