ရက်ပေါင်း ၂၀ ကျော်ကြာအထိတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့် ရှမ်း–ကယားနယ်စပ်တိုက်ပွဲတွင်း၌ MOEBYE PDF-2 တပ်ရင်းမှ ရဲဘော်ဆန်းဦးကျဆုံးခဲ့သည်ဟု သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့်ဖယ်ခုံမြို့နယ်အစပ်သို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်PNO/PNA စစ်ကြောင်းကို ကာကွယ်ရေးမဟာမိတ်တပ်များပူးပေါင်းခုခံတိုက်နေရာ ပြီးခဲ့သော ဖေဖော်ဝါရီလနောက်ဆုံးအပတ်တွင်းမှစ၍ ယမန်နေ့ မတ်လ ၁၄ရက်အထိတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
မတ်လ ၁၂ ရက် ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာ၌ ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှသာလွန်လက်နက်အင်အားဖြင့်ပစ်ခတ်သောကြောင့် 1007 MOEBYE PDF-2 မှ ရဲဘော် (ဆန်းဦး) သည် ဦးခေါင်းတွင် လက်နက်ကျည်ထိမှန်ခဲ့သည်။
ကယ်ဆယ်ရေး ဆေးတပ်ဖွဲ့များက အသက်ကယ်ရန်ကြိုးစားခဲ့သော်လည်း ထိုနေ့ညနေ၅ နာရီအချိန်တွင် အသက်ပေးသွားခဲ့ရပါသည်ဟု MOEBYE PDF-2က ဖော်ပြထားသည်။
” မိုးဗြဲ PDFက ရဲဘော်က ဆေးဝါးကုသနေတဲ့အချိန်မှာ ကျဆုံးသွားတာပေါ့ ။ အခြားဒဏ်ရရဲဘော် ၃ယောက်ကဒဏ်ရာအသေးပဲမစိုးရိမ်ရဘူး။ ကျွန်တော်တို့ KRU ရဲဘော်တစ်ယောက်လည်းပါတယ် “ဟု ထိုနေ့တိုက်ပွဲတွင်း၌ဒဏ်ရာရရဲဘော်များကို ဆေးကုသမှုပေးခဲ့သည့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU တာဝန်ခံ ကိုလင်းလင်းကပြောသည်။
မတ်လ ၁၂ရက်နေ့ နမ်းနိန်းကျေးရွာတိုက်ပွဲတွင် နှစ်ဖက်အကျအဆုံးများခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ မိုးဗြဲPDF ရဲဘော်တစ်ဦး၊ KNDF B11 ရဲဘော်တစ်ဦး နှင့်အလယ်ပိုင်းတိုင်းအထူးတပ်ရင်းမှ ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့သည်။
မိုးဗြဲPDF တပ်ရင်း၂ မှကျဆုံးသွားခဲ့သောရဲဘော်ဆန်းဦးသည် မိသားစုတွင်အကြီးဆုံးသားဖြစ်သည်သာမက လိမ္မာယဥ်ကျေးသော လူငယ်တစ်ဦးဖြစ်သည်။
တပ်တွင်းတွင်လည်း ရဲရင့်တက်ကြွပြီး စစ်အာဏာရှင်ကို ရွှံ့ရွှံ့ချွန်ချွန်တွန်းလှန်တိုက်ခိုက်နေသော ရဲဘော်ကောင်းတစ်ဦးဖြစ်သောကြောင့် 1007 MOEBYE PDF-2 အတွက်ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်သည်ဟု အဆိုပါတပ်ရင်းကဖော်ပြထားသည်။
ရဲဘော်ဆန်းဦး၏ မိခင်သည်လည်း လွန်ခဲ့သောလအနည်းငယ်ခန့်ကပင် ဆုံးပါးသွားခဲ့ကြောင်းသိရပြီး ရဲဘော်(ဆန်းဦး) ဆုံးရှုံးမှုကြောင့်မိသားစုဝင်များနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါသည်ဟု မိုးဗြဲPDF တပ်ရင်း၂က ထုတ်ပြန်ထားသည်။
ရှမ်း–ကယားနယ်စပ်တွင်ရက်၂၀ ကျော်အထိတိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သောကြောင့် တခြားမဟာမိတ်အင်အားစုများကလည်းထိခိုက်၊ကျဆုံးမှုများရှိခဲ့သလို ခဲယမ်းလက်နက်များစွာ အရေးပေါ်လိုနေသောကြောင့် 1007 MOBYE PDF-2 တပ်ရင်း အပါအဝင် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များကို ကူညီထောက်ပံ့ပေးကြရန် အဆိုပါတပ်ရင်းကမေတ္တာရပ်ခံထားသည်။
ပုံစာ-MOEBYE PDF-2 ရဲဘော်ဆန်းဦး၏ စျာပန