စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက္ကပင်ကျေးရွာတွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသော ပြည်ကြီးတံခွန်ဆရာတော်ကိုလူဝတ်လဲကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်PDF ပုံစံ အယောင်ဆောင် ခိုင်းထားသည်ဟု ပြန်လည်လွတ်မြောက်လာသူက သံလွင်ခက်ကို ပြောသည်။
“ဆရာတော်ကို လက်ပြန်ကြိုးတုပ်ပြီး သေနတ်တစ်လက် လွယ်ပေးထားတယ်။ ခမောက်ပုံစံမျိုးလည်း ဆောင်းပေးထားတယ်။ နှိပ်စက်တာတော့ မတွေ့ဘူး” ဟု၎င်းက ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ပြီးပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂဝံသ အပါအဝင် ဒေသခံခြောက်ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
ထို့ပြင် နေအိမ် ၁၂ လုံးခန့်ကိုလည်း ရိုက်ချိုးဖျက်စီးသွားသည်ဟု Knight commanders အဖွဲ့ခေါင်းဆောင် ကိုဘယ်သန်ကြီးက သံလွင်ခက်ကိုပြောသည်။
ပြည်ကြီးတံခွန်ဆရာတော် အရှင်အဂ္ဂဝံသ သည် စစ်ဘေးရှောင်ပြည်သူများကိုကူညီမှုများဆောင်ရွက်ပေးခဲ့ပြီးအာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သော ဆန္ဒပြပွဲနှင့် လှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့သည်ဟု ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ရက်များအတွင်းက ဆရာတော် ပျံလွန်တော်မူသွားသည်ဟု သတင်းများထွက်ပေါ်ခဲ့သေးသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းဆီးသွားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးကို ပြည်သူများရှေ့တွင် နည်းလမ်းမျိုးစုံဖြင့် နှိပ်စက်ခဲ့ပြီးနောက် သေဆုံးခဲ့ရာ ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်နေသည်ဟုကိုဘယ်သန်ကြီးက ဆက်ပြောသည်။
“PDF ရဲဘော်တွေကို နားထဲကို သံချောင်းတွေရိုက်သွင်းတယ်။ တစ်ရွတ်တိုက် ဆွဲခေါ်ပြီးတော့ မြစ်ထဲကို မျောပစ်တယ်။ Dead body ကို ငါးရက် ခြောက်ရက်လောက်နေမှာပြန်တွေ့တယ်”ဟု ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ယင်းကဲ့သို့ ကျူးလွန်ခဲ့ခြင်းရှိမရှိကို အခြားမျက်မြင်တွေ့ရှိသူတစ်ဦးနှင့်ဒေသခံသုံးဦးကို ဆက်သွယ်မေးမြန်းခဲ့ရာတရွတ်တိုက်ဆွဲခြင်းနှင် သံချောင်းများရိုက်သွင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ပြန်လည်တွေ့ရှိသည့် အလောင်း၏လည်ပင်းတွင် ပျက်ရှဒဏ်ရာများတွေ့မြင်ခဲ့သည်ဟု ဒေသခံတစ်ဦးကဆိုသည်။
မတ်လ(၁)ရက်မှ ယနေ့အထိ တပ်မ(၉၉) လက်အောက်ခံဖြစ်သော ဘီလူး စစ်ကြောင်းဖမ်းဆီးခဲ့သည့် တာတိုင်ရွာပြည်သူ (၁၇)ဦးနှင့် လက္ကပင်ကျေးရွာရှိ ပြည်သူ(၆)ဦး အစုလိုက် သေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူများလည်းရှိနေသေးသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။အဆိုပါ သေဆုံးသူများတွင် အမျိုးသမီးများလည်းပါဝင်နေသည်။
အဆိုပါ ဘီလူးစစ်ကြောင်းသည် လက်ရှိအချိန်တွင် မြောင်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိသည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ပုံစာ– စစ်ဘေးရှောင်များကိုကူညီနေသည့် ပြည်ကြီးတံခွန်ဆရာတော်။
ဓာတ်ပုံ– သံဃသမဂ္ဂ(မန္တလေး)။