ရှမ်း–ကယားနယ်စပ် မိုးဗြဲအရှေ့ဘက်ကမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်က သက်ကြီးပိုင်းနှစ်ဦးနှင့်ကလေးတစ်ဦးတို့ကို သတ်ဖြတ်ခဲ့သည်ဟု ဖယ်ခုံPDF တပ်ရင်း၂ကယနေ့တွင်သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ တပ်မ၆၆ လက်အောက်ခံတပ်ဖွဲ့ဝင်များသည် ယခုလ မတ်လ၁၂ရက်တွင် မိုးဗြဲအရှေ့ဘက်ကမ်းရှိတောင်ပေါ် စစ်ဘေးရှောင်ရှောင်စခန်းသို့ စစ်ကြောင်းထိုးရောက်ရှိလာပြီး သက်ကြီးရွယ်အိုနှင့်ကလေးအချို့ကိုဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံ စစ်ဘေးရှောင်များကိုကယ်ဆယ်ရန် ကြိုးပမ်းခဲ့သော ဖယ်ခုံPDF တပ်ရင်း–၂ ၊ KNDF B-03 ၊URFပူးပေါင်းအဖွဲ့နှင့် စသ်ကောင်စီတပ်စစ်ကြောင်းတို့ ယင်းနေ့ ညနေ၃နာရီဝန်းကျင်မှည၇နာရီထိ တိုက်ပွဲဖြစ်ပွားခဲဲ့သည်။
တိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး ဖယ်ခုံနှင့်၄၂၂ တပ်တို့မှ လက်နက်ကြီးပစ်ကူများစွာပစ်ခတ်ခဲ့သည့်အပြင် ညနေ၅နာရီခွဲတွင် တိုက်လေယာဥ်နှစ်စီးဖြင့် ၃ကြိမ်လာရောက်တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနှင့်ဒု– တပ်ကြပ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးဒဏ်ရာရပြီး အရေအတွက်ကိုမူ အတည်ပြုရန်ကြိုးစားနေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၄လောင်းနှင့် စစ်အသုံးအဆောင်အချို့ သိမ်းဆီးရမိသည်ဟု ဖယ်ခုံ PDF တပ်ရင်း၂က ဖော်ပြထားသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် ဖမ်းဆီးထားသော စစ်ဘေးရှောင်ပြည်သူအချို့ကိုလူသားဒိုင်းအသုံးပြုသည့်အပြင် အသက်၈၁နှစ်နှင့် ၇၈နှစ် သက်ကြီးရွယ်အို ၂ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး ၇တန်းကျောင်းသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
စစ်ဘေးရှောင်များကိုကယ်ထုတ်ရန်ကြိုးစားရင်းဖယ်ခုံ PDF တပ်ရင်း–၂မှရဲဘော်တစ်ဦး နှင့် KNDF B-03မှရဲဘော်၂ဦး ကျဆုံးခဲ့ရပြီး ပူးပေါင်းအဖွဲ့မှ၆ဦးဒဏ်ရာရရှိခဲ့သည်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ကယ်ထုတ်မှုကြောင့် ဖမ်းဆီးခံစစ်ဘေးရှောင်တချို့ ပြန်လွတ်မြောက်လာခဲ့သည်ဟု သိရသည်။