ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသတိုက်ပွဲတွင် ဦးခေါင်းဒဏ်ရာရရှိသော KNDF ရဲဘော်တစ်ဦးသည် ဆေးကုသမှုခံယူနေစဥ်ကျဆုံးခဲ့သည်ဟု သိရသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B11 တပ်ရင်းမှ ရဲဘော်ဒေါမဏိတုံသည် မတ်လ ၁၂ ရက် ဆောင်းပြောင်းတိုက်ပွဲ၌ ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
” ပြီးခဲ့တဲ့ တစ်နေ့ကတိုက်ပွဲမှာ ခေါင်းထိထားခဲ့တယ်။ ကျွန်တော်တို့ ဆေးရုံမှာ ဆေးကုသမှုပေးခဲ့တာ။ မနေ့က ကျဆုံးသွားခဲ့တာပေါ့နော်“ဟု KNDF B11 တပ်ရင်းတာဝန်ခံက ယနေ့နံနက်ပိုင်းတွင်သံလွင်ခက်ကိုပြောသည်။
အဆိုပါရဲဘော်သည် KNDF B01 တပ်ရင်းမှ KNDF B11 တပ်ရင်းသို့ပြောင်းရွေ့တာဝန်ထမ်းဆောင်နေသည်မှာ နှစ်လခန့်သာရှိသေးသည်ပြီး ဆောင်းပြောင်းတိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။
ကျဆုံးသွားခဲ့သော KNDF ရဲဘော်ဒေါမဏိတုံနှင့်ပတ်သက်၍ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFကအလေးနီပြုကြောင်း ဖော်ပြထားသည်။
” အလေးနီပြုပါတယ်။ ရဲဘော် မောင်တုံ ။သူ့မှာ အစ်ကို တစ်ယောက်ရှိတယ် ဘယ်လိုဖြစ်သွားမှန်းမသိ ယနေ့ထိ အိမ်အပြန်လမ်းမှာမတွေ့ဘူးတဲ့။ အခုကျတော့ သူလည်းအကြွေစောပြန်ပြီ ။ သားနှစ်ယောက် အိမ်အပြန်လမ်းမရှိတဲ့ ဒီတော်လှန်ရေး အဝေ့အဝိုက်မှာ သူတို့ရဲ့ မိဘတွေ ဘယ်လောက်ရင်ကျိုးမလဲ ။ တိုင်းပြည်နဲ့ လူမျိုးအတွက် မင်းတာဝန်ကျေလွန်းတယ်။ ချေမှုန်းရေးတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော်မောင်တုံ R.I.P ပါ “ဟု PKPF ကဖော်ပြထားသည်။
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းသို့ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ၊ KNDF ၊ PNDF(KK)၊မိုးဗြဲ PDFတပ်ရင်း၁၊ ဖယ်ခုံ PDF၊အလယ်ပိုင်းတိုင်း နေပြည်ဝောာ် PDF(တပ်ရင်း၈၀၄) ၊ အလယ်ပိုင်းတိုင်း ၁၁၀၁၊ ၁၁၀၂၊ ၁၁၀၃ ၊၁၀၀၇၊၁၀၀၉ နှင့်SSLRU တို့ပူးပေါင်းတိုက်ခဲ့ရာ တိုက်ပွဲ ပြင်းထန်ခဲ့သည်။
” ကျွန်တော်တို့ဘက်ခြမ်း တိုက်ပွဲမှာ ၅ ယောက်ထိတယ်။ ၃ ယောက်က ဒဏ်ရာမစိုးရိမ်ရဘူး။ မိုးဗြဲ PDF ကရဲဘော်က ဆေးဝါးကုသမှုပေးနေစဥ်မှာ ကျဆုံးသွားတာပေါ့။ နောက်တစ်ယောက်ကျတာက အလယ်ပိုင်းတိုင်းတပ်ရင်းကပဲ ၁၀၀၉ ကလားမသိဘူး ။ ဒါက ကျွန်တော်တို့ဘက်ခြမ်းမှာ ဖြစ်တဲ့တိုက်ပွဲပေါ့ “ဟု KRU တာဝန်ခံကိုလင်းလင်းက ပြောသည်။
မတ်လ ၁၂ ရက်နေ့ ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသတိုက်ပွဲတွင် မဟာမိတ်တပ်များဘက်မှ ရဲဘော်၃ ဦးကျဆုံးခဲ့ရသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များလည် ထိခိုက်သေဆုံးမှုများပြီး ခဲယမ်း ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု KRU က ထုတ်ပြန်ထားသည်။
ပုံစာ– ဆောင်းပြောင်းတိုက်ပွဲ၌ ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေစဥ်အတွင်း ကျဆုံးသွားသော KNDF ရဲဘော်။