ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်နေသောကြောင့် ဒေသခံပြည်သူများ အရေးပေါ်ထွက်ပြေးနေကြရာ ရှောင်တိမ်းစရာနေရာအခက်အခဲဖြစ်နေသည်ဟု ကူညီနေသူများထံမှသိရသည်။
ဒီးမော့ဆိုအရှေ့ခြမ်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းများနှင့် ကရင်နီကာကွယ်ရေးပူးပေါင်းတပ်တို့ မတ် ၁၀ ရက်နေ့ကတည်းက နေ့စဥ်တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေပြီး ဒေသခံပြည်သူများ ယနေ့ချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်ကြောင်းများကြား ပိတ်မိနေသည့် ဒေသခံ မိသားစု ၁၀၀၀ စုခန့် ကယ်ထုတ်ပေးရန် ကျန်ရှိနေပြီး ယခင်ရက်များ၌ ရွေ့ပြောင်းပေးထားသည့် စစ်ဘေးရှောင် ၅၀၀၀ ခန့်မှာလည်း နေရာအခက်ကြုံနေရသည်။
” နေစရာနေရာတွေ မရှိတော့ဘူး။ လက်ခံတဲ့နေရာမှာ နေရာတွေမဆံ့တော့တဲ့ပုံစံဖြစ်နေတယ်။ နေစရာတွေတော်တော် အခက်အခဲဖြစ်နေတယ် “ဟု စစ်ဘေးရှောင်များကိုကူညီကယ်ထုတ်ပေးနေသည့် နွေဦးဂရုလေးများအဖွဲ့ တာဝန်ခံကသံလွင်ခက်ကို ပြောသည်။
ကျန်ရှိနေသော စစ်ဘေးရှောင်များကို ခေါ်ထုတ်ရန်အတွက် ကားများနှင့် စက်သုံးဆီ လိုအပ်နေပြီး ရွေ့ပြောင်းပြီးချိန်၌ ယာယီတဲများအတွက် မိုးကာများအရေးပေါ်လိုအပ်နေသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
ဒီးမော့ဆိုအရှေ့ခြမ်းတွင် မတ်လ ၁၀ရက်မှစ၍ ယမန်နေ့ မတ်လ၁၃ရက်အထိ တိုက်ပွဲများတစ်နေကုန်နီးပါးဖြစ်ပွားခဲ့ပြီး မတ်လ ၁၁ ရက်နှင့်၁၂ ရက်တိုက်ပွဲများတွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်များဖြင့်လာရောက်တိုက်ခိုက်ခဲ့သည်။
လက်ရှိတွင် ခေါ်ထုတ်ပေးရန်ကျန်ရှိနေသော မိသားစု ၁၀၀၀ ခန့်သည် ကရင်နီပူးပေါင်းတပ်များက စစ်ကောင်စီတပ်စစ်ကြောင်းများ ခုခံကာကွယ်ထားနိုင်သည့်အခြေအနေကြောင့် နေရာရွေ့ပြောင်းရန် လမ်းကြောင်း အခွင့်အရေးရှိနေသေးသော်လည်း ရွေ့ပြောင်းပေးရမည့် နေရာမရှိသည့်အခက်အခဲဖြစ်နေ၍ အခြေအနေစောင့်ကြည့်နေကြရသည်။
” စစ်ရေးအခြေအနေက ပြောမရဘူးဖြစ်နေတာ။ ခံစစ်တွေနေရာက နည်းနည်းနောက်ဆုတ်လိုက်ရမယ်ဆို ကျန်နေတဲ့ စစ်ရှောင်တွေပိတ်မိမယ့် အနေအထားရှိတယ်ဗျ။ အာ့ကြောင့် မပိတ်ခင်မှာ အရေးပေါ်ရွေ့နေရတာပေါ့ ။တောက်လျောက်ရွေ့နေရတာ။ နောက်ထပ် သုံး၊လေးရက်လောက် ထပ်ရွေ့ရအုံးမယ်နဲ့တူတယ် “ဟု စစ်ရှောင်များကို ကူညီရွေ့ပေးနေသူတစ်ဦးက ယမန်နေ့ ညပိုင်းတွင်သံလွင်ခက်ကိုပြောသည်။
ဒီးမော့ဆို မြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်၏ တပ်မ၆၆ နှင့် ၇၇ တို့က ဘောလခဲမြို့နယ်နှင့် လွိုင်ကော်ဘက်တို့မှ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးလာနေခြင်းဖြစ်သည်။
ဘောလခဲဘက်မှ လာသည့် စစ်ကြောင်းနှစ်ကြောင်းတွင် အင်အား ၂၇၀ ဦးဝန်းကျင်ရှိပြီး လွိုင်ကော်ဘက်မှလာသည့်စစ်ကြောင်းတွင် တင့်ကားများပါဝင်သည်ဟု သိရသည်။
ပုံစာ–ဘောလခဲမြို့နယ်မှ စစ်ကြောင်းနှစ်ကြောင်းထိုးလာမှုကြောင့် ဒီးမော့ဆို ဒေါတမကြီး တစ်ဝိုက်ရှိ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရမှု ။
ဓာတ်ပုံ-Karenni Free Burmaranger