ရှမ်း–ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းဝင်ရောက်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်များတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့များ ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းများပါသိမ်းဆည်းရရှိခဲ့သည်ဟု ဖယ်ခုံ PDF တပ်ရင်း၂က သတင်းထုတ်ပြန်သည်။
ယခုလ မတ်လ၁၁ရက်၊ နံနက်စောစောအချိန်တွင် ကုရင်ကျေးရွာအုပ်စုတောင်ကြားတွင် စစ်ကောင်စီတပ်များ ခိုးဝင်ရောက်ရှိနေကြောင်း သတင်းရရှိခဲ့၍ ဖယ်ခုံ PKPDF-2 နှင့် မဟာမိတ်အင်အားစုများ တောနင်းရှာဖွေရာနေ့လယ် ၁၀ နာရီခွဲခန့်တွင် ထိတွေ့မှုစဖြစ်ခဲ့သည်။
အဆ်ုပါ ထိတွေ့တိုက်ပွဲအတွင်း ဖယ်ခုံမြို့ အထိုင်တပ်က လက်နက်ကြီးပစ်ကူမှု ရှိနေသော ကြောင့် ကရင်နီပူးပေါင်းတပ်များ ခက်ခက်ခဲခဲ တိုက်ဆင်စစ်ခဲ့ရသည်။
သို့သော် ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်စစ်ကြောင်း အထိနာခဲ့သောကြောင့်ထွက်ပြေး ခဲ့ကြသည်။ ထို့နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးကို အရှင်မိခဲ့ပြီး ပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့နောက် မတ်လ ၁၂ ရက် ညသန်းခေါင်ယံကျော်ချိန် နံနက် ၁ နာရီခန့်တွင် တောလမ်းတစ်နေရာ၌ ဖယ်ခုံPDF ကင်းထောက်တပ်စိပ်နှင့်ဆုတ်ခွာထွက်ပြေးလာသော စစ်ကောင်စီတပ်တို့ ထပ်မံထိတွေ့မှု ဖြစ်ပွားခဲ့သည်။ ထိုထိတွေ့မှုတွင် PKPDF-2မှ ရဲဘော်တစ်ဦး အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် အသက်ပေးခဲ့ရသည်ဟုPKPDF-2 ကဖော်ပြထားသည်။
မတ်လ ၁၂ ရက်တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သေဆုံးအလောင်း ၁၉ လောင်းနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသည်။
ကုရင်ကျေးရွာအုပ်စုတောင်ကြားတိုက်ပွဲတွင် ပြည်သူ့အားနှင့် စစ်ကောင်စီတပ်ကို တိုက်ထုတ်နိုင်ခဲ့သောကြောင့်ပြည်သူများအနေဖြင့် ကာကွယ်တက်ဖွဲ့များ အမြဲတစေလိုအပ်လျက်ရှိသော လက်နက်ခဲယမ်းအတွက် ဆက်လက်ပံ့ပိုးပေးကြပါရန် ဖယ်ခုံ PDF တပ်ရင်း၂ က တောင်းဆိုသည်။