စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် တာတိုင်ရွာ ပြည်သူများကို အစုလိုက်သတ်သွားသည်ဆိုသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် စစ်ကြောင်းထိုးမှုများဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှသိရသည်။
တပ်မ(၉၉)လက်အောက်ခံဖြစ်သော ထိုစစ်ကြောင်းသည် မတ်လ(၁)ရက်မှ ယနေ့အထိ စစ်ကြောင်းထိုးမှုကြောင့်တာတိုင်ရွာပြည်သူ (၁၇)ဦးနှင့် လက္ကပင်ကျေးရွာရှိ ပြည်သူ(၆)ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူများလည်းရှိနေသေးသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။အဆိုပါ သေဆုံးသူများတွင် အမျိုးသမီးများလည်းပါဝင်နေသည်။
ထိုစစ်ကြောင်းသည် တာတိုင်ရွာ၌ဒေသခံများကိုအစုလိုက်သတ်ခဲ့ပြီးနောက် မတ်လ(၅)ရက်မှ (၇)ရက်နေ့အထိ လက္ကပင်ကျေးရွာတွင်တပ်ဆွဲထားခဲ့ပြီးဒေသခံတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည်ဟု သိရသည်။
“လက္ကပင်ကျေးရွာဒေသခံတွေက အခုချိန်ထိ ရွာထဲကိုကောင်းကောင်းမပြန်ရဲကြသေးဘူး၊၊ လက္ကပင်ရွာသား ဓားစားခံ၅ဦးအဖမ်းခံရတဲ့ထဲမှာ တစ်ဦးအသတ်ခံရပြီး ကျန်၄ဦး အဆက်အသွယ်မရသေးဘူးဗျ။ပြည်ကြီးတံခွန်ဆရာတော်လည်းဖမ်းဆီးခံရတယ်” ဟု ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
စစ်ကြောင်းထိုးမှုများ ဆက်တိုက်ရှိနေသည့်အတွက် ဒေသခံကာကွယ်ရေးအဖွဲ့များအနေဖြင့်လည်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်နိုင်ခြင်းမရှိသေးသောကြောင့် သေဆုံးသူအတိကျမသိရသေးဟု ၎င်းကဆက်ပြောသည်။
စစ်ကြောင်းထိုးမှုများဆက်တိုက်လုပ်ဆောင်လာသောကြောင့် ထိုကျေးရွာရှိဒေသခံ ပြည်သူများ စိုးရိမ်ထိန့်လန့်မှုများဖြစ်ပါ်နေပြီး ၎င်းတို့၏နေအိမ်များတွင် မနေရဲသည့်အဖြစ်မျိုးကြုံနေရသည်ဟု ဆိုသည်။
“လက္ကပင်ရွာသူရွာသားတွေက နဂိုထဲက တောင်သူလယ်လုပ် အေးအေးဆေးဆေးနေကြတဲ့ရွာဆိုတော့ ဒီလိုမျိုး မကြုံဘူးမတွေ့ဘူးတော့ ကြောက်လန့်နေကြတယ်“ဟု မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် တစ်ဦးကပြောသည်။
မြင်းမူနယ် လက္ကပင်ကျေးရွာနှင့် စစ်ကိုင်းနယ် တာတိုင်ရွာရှိ ဒေသခံများကို သတ်ဖြတ်ခဲ့သောစစ်ကောင်စီ တပ်စစ်ကြောင်းသည် လက်ရှိတွင် မြောင်မြို့နယ်ဘက်သို့ ရောက်ရှိနေသည်ဟု သိရသည်။