စစ်ကိုင်းတိုင်းဒေသကြီး ၊ မြောင်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က စစ်မျက်နှာနှစ်ခု တစ်ပြိုင်တည်းဖွင့်၍စစ်ကြောင်းထိုးဝင်လာသောကြောင့် ပြည်သူ ၁၅၀၀၀ ကျော်အရေးပေါ်ထွက်ပြေးနေရသည်ဟု ဒေသခံများထံမှသိရသည်။
ယနေ့ မတ်လ၁၃ရက်၊ နံနက် ၆နာရီကျော်ကတည်းက စစ်ကောင်စီတပ်က စစ်မျက်နှာ ၂ ခု တစ်ပြိုင်တည်း ဖွင့်ပြီးမြောင်မြို့နယ်အတွင်းရှိ ကျေးရွာများအား ရွာစဉ်တောက်လျှောက် ထိုးစစ်ဆင်နေသည်ဟု မြောင်မြို့နယ် ပြည်သူကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ CDSOMက ဖော်ပြထားသည်။
စစ်ကြောင်းထိုးနေမှုများကြောင့် မြောင် ပြည်သူလူဦးရေ ၁၅၀၀၀ ဦးကျော်ဘေးကင်းလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည် ။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်အုပ်ချုပ်ရေးဥပဒေလက်ဆုပ်ကိုင်ထားပြီး လမ်းတွင်တွေ့သည့် ပြည်သူများကို မင်းမဲ့ဆန့်စွာ ပစ်သတ်နေပြီး စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်ဟု CDSOMကဖော်ပြထားသည်။
စစ်ကောင်စီတပ်က ကျေးရွာများအတွင်း လက်နက်အင်အား၊ လူအင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေသောကြောင့် ပြေးမလွတ်သည့် ပြည်သူ ၃ ဦးသတ်ဖြတ်ခံထားရပြီး ကျန်ပြည်သူ၃ ဦးမှာလည်း ဖမ်းဆီးခံထားရသည်ဟုသိရသည်။