ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ပေါ်၌ အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်းကို နှစ်ကြိမ်တိုင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကန်ပက်လက် CDF တာဝန်ခံက သံလွင်ခက်ကိုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်စခန်းတွင် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင် ၅၀ ဦးခန့် ပျူစောထီးတပ်ဖွဲ့ဝင် ၄၀ ဦးကျော်ရှိနေသည်ဟုသိရသည်။
ထိုစခန်းအား ကန်ပက်လက်CDF တပ်ဖွဲ့ဝင်များက ယခုလ မတ်လ ၁၁ ရက်တွင် နံနက် ၆ နာရီ၌တစ်ကြိမ်၊ ၇ နာရီခွဲတွင်တစ်ကြိမ် သွားရောက်ပစ်ခတ်ခဲ့သည်။
” ကျွန်တော်တို့ အနီးကပ်သွားရောက်ပစ်ခတ်တာပါ။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ အပြန်အလှန်ပစ်ခတ်မှုကပထမအကြိမ်မှာ တစ်နာရီ နဲ့ ဒုတိယအကြိမ် ၂ နာရီလောက်ကြာခဲ့ပါတယ် “ဟု ကန်ပက်လက် CDF တာဝန်ခံကပြောသည်။
ထိုထိတွေ့မှုအတွင်း စနိုက်ပါဖြင့်ပစ်ခတ်နိုင်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကြောင်းကိုအတည်ပြုနိုင်ပြီးအခြားထိခိုက်ဒဏ်ရာရရှိမှုများလည်း များမည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
ထိုတိုက်ခိုက်မှုအတွင်း၌ စစ်ကောင်စီတပ်ဘက်က ၄၀ မမ၊ ၆၀ မမ၊ RPG စသည့်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်းCDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုသိရသည်။
ပုံစာ–ကန်ပက်လက် CDF တပ်ဖွဲ့ဝင်များ