စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကုန်းရွာကျေးရွာကို နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးပြီးပြန်ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများခဲ့သည်ဟု သိရသည်။
ကုန်းရွာကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်၍ ဝင်ရောက်ခဲ့သည့် အင်အား ၈၀ ဦးဝန်းကျင်ရှိစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းမှ၍ မတ်၁ ရက်နေ့လည်ပိုင်းထိ နေအိမ်များကိုမီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းပြန်ထွက်ခဲ့သည်။
” ယင်းမာပင်မြို့ဘက်ကို စစ်ကြောင်းပြန်ထွက်ချိန်မှာ ယင်းမာပင်အနောက်ဘက် တစ်မိုင်ခန့်အကွာမှာကာကွယ်ရေးတပ်တွေ ဝိုင်းတိုက်တာ။ တိုက်တော့ ထိခိုက်ကျဆုံးမှုများပြီး မုံရွာ နမခ ကိုလေယာဥ်စစ်ကူခေါ်တယ်။လေယာဥ်ကလာပြီး ပစ်တော့ပစ်မသွားဘူး ။ ၁၀ ပတ် လောက်ဝဲပြီးတော့ သူတို့ထွက်ပေါက်ယူပြီးတော့ ယင်းမာပင်မြို့ထဲကို မနေ့ကပြန်ဝင်သွားတယ် “ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
ယမန်နေ့ နေ့လည်ပိုင်း၌ အချိန်၂ နာရီကျော်အကြာဖြစ်ပွားခဲ့သော ထိတွေ့မှုအတွင်း စစ်ကောင်စီတပ်ဘက်မှထိခိုက်သေဆုံးများရှိပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သည့် ကုန်းရွာကျေးရွာတွင်နေအိမ်၆၃၅လုံးမီးလောင်ဆုံးရှုံးခဲ့သည်ဟု ယနေ့တွင် ယင်းမာပင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖော်ပြထားသည်။
ကုန်းရွာကျေးရွာမှ စစ်ပြေးရှောင်ရင်း လေဖြတ်နေသော သက်ကြီးရွယ်အိုအမျိုးသား ၁ဦးအပါအဝင် အမျိုးသားပြည်သူ ၃ ဦးနှင့် အင်တောကျေးရွာမှ အပြစ်မဲ့ ပြည်သူ အမျိုးသား ၁ ဦး တို့ကိုလည်း ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီတပ်က ကုန်းရွာကျေးရွာတွင် သတ်ဖြတ်သွားခဲ့သည်ဟုယင်းမာပင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖော်ပြထားသည်။