စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ်တွင် ဆယ်တန်းကျောင်းသားတစ်ဦး နှင့် ၎င်း၏ညီဖြစ်သူတို့သေဆုံးခဲ့သည်ဟု ယနေ့နံနက်ပိုင်းတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်ရက် ဖေဖော်ဝါရီလ ၂၈ရက် ည၇:၂၀နာရီကျော်အချိန်တွင် ဖယ်ခုံစစ်ကောင်စီတပ်မှ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ခေါင်းအိကျေးရွာအုပ်စု၊ ကျေးရွာရှိဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သသည်။
အဆိုပါလက်နက်ကြီးပေါက်ကွဲမှုကြောင့် ဘုန်းကြီး ကျောင်းတွင် စာကျက်နေသော အသက်၁၉ အရွယ် ဆယ်တန်းကျောင်းသားနှင့် အသက်၁၅ နှစ်အရွယ် ၎င်း၏ညီဖြစ်သူတို့ သေဆုံးခဲ့သည်။
ထို့ပြင် ဘုန်းကြီးကျောင်း ဓမ္မာရုံနှင့် ဇရပ်ပျက်စီးခဲ့ပြီး ဘုရားဆင်းတုများ၊ မီးစက်နှင့် အခြားသော အသုံးအဆောင်ပစ္စည်းများစွာ ပျက်စီးခဲ့ရသည်။
ဖယ်ခုံမြို့နယ်အတွင်းသို့စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်နေရာ ဖေဖော်ဝါရီလ ၂၇ ရက်၊ ည၈နာရီတွင် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာ၌ လက်နက်ကြီး ၃လုံး ကျခဲ့သည်။
လက်နက်ကြီးကျရောက်မှုကြောင့် ဘုန်းကြီးကျောင်းတွင် ရှိနေသောရွာသား အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦး(ဗိုက်ပွင့် စိုးရိမ်ရ) နှင့် အသက်၈နှစ် အရွယ် ကလေးတစ်ဦး (နံရိုးထိ) ထိခိုက်ဒဏ်ရာရခဲ့သည်။
အလားတူ ၂၇ရက်၊ည ၉နာရီဝန်းကျင်တွင်လည်း ဖယ်ခုံ စစ်ကောင်စီတပ်မှ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ဖယ်ခုံအနောက်ဘက်ခြမ်းရှိ အခြားသောကျေးရွာတစ်ရွာသို့ လက်နက်ကြီးများကျရောက်ပြီးပြည်သူ ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်တပ်များ လက်နက်ကြီးမျဖြင့် နေ့စဥ်ရက်ဆက်ဆိုသလို အကြောင်းမဲ့ ပစ်ခတ်နေပါသောကြောင့် ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် သတိဝီရိယဖြင့် နေထိုင်ကြပါရန် KNDFက ဖော်ပြထားသည်။
ဓာတ်ပုံ-KNDF/B-11(Pekhon)